ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ယာယီနည်းပြ ရက်ဖ် ရန်းဂ်နစ် ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အက်စ်တွန်ဗီလာအသင်းနဲ့ အက်ဖ်အေဖလား ပဉ္စမအဆင့် ပွဲစဉ်မှာ အသင်းအတွက် တလုံးထဲသော အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့တဲ့ ကွင်းလယ်လူ တော်မီနေးက အနာဂတ်မှာ အသင်းခေါင်းဆောင် ဖြစ်လာနိုင်သူ ဖြစ်ကြောင်း ထုတ်ဖော် ချီးကျူးသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အက်ဖ်အေဖလား ပဥ္စမအဆင့် ပွဲစဉ်အဖြစ် ဗီလာအသင်းကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံကစားခဲ့ရာ တော်မီနေးရဲ့ ပွဲကစားချိန် ၈မိနစ်မှာ သွင်းယူခဲ့တဲ့ သွင်းဂိုးကြောင့် ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး နောက်တဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

Photo Credit: Sky Sports

အက်ဖ်အေဖလားပြိုင်ပွဲရဲ့ စတုတ္ထအဆင့်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ချန်ပီယံရှစ် ကလပ် မစ်ဒယ်ဘရော့အသင်းကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံကစားရမှာပဲ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ယာယီနည်းပြ အဖြစ် တာဝန်ယူထားတဲ့ ရက်ဖ် ရန်းဂ်နစ် ကတော့ ဗီလာအသင်းနဲ့ ပွဲစဉ်မှာ အသင်းအတွက် တလုံးထဲသော အနိုင်ဂိုးကို သွင်းယူပေးခဲ့သလို ပွဲစဉ်တလျှောက် အကောင်းဆုံး ကစားသွားနိုင်ခဲ့တဲ့ ကွင်းလယ်လူ တော်မီနေးကို အထူးတလည် ချီးကျူးသွားခဲ့ပြီး အနာဂတ်မှာ အသင်းခေါင်းဆောင် ရာထူးကို ရယူနိုင်စွမ်း ရှိသူ တဦး ဖြစ်ကြောင်းပါ သုံးသပ်သွားခဲ့ပါတယ်။

Photo Credit: Sky Sports

ရန်းဂ်နစ်က – “တော်မီနေးက အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကောင်လေး တယောက်ပါ။ သူ့ရဲ့ ခွန်အားကလည်း တကယ့်ကို အံ့ဩစရာ ကောင်းပါတယ်။ အခုဆိုရင် သူက သွင်းဂိုးတွေ စတင် သွင်းယူလာနိုင်သလို ခေါင်းဆောင်နိုင်စွမ်းလည်း ရှိလာပါပြီ။ ဒါကြောင့် နောက်ထပ် နှစ်အနည်းငယ် အကြာမှာ သူကသာ အသင်းရဲ့ အသင်းခေါင်းဆောင် ဖြစ်လာရင် ကျွန်တော်က အံ့ဩမိမှာတော့ မဟုတ်ပါဘူး” လို့ ချီးကျူးစကား ပြောကြားသွားခဲ့တာပါ။