ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ ရန်းဂ်နစ် ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘရိုက်တန်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်းအတွက် အရေးပါတဲ့ ဦးဆောင်ဂိုးကို သွင်းယူပေးနိုင်ခဲ့တဲ့ ဝါရင့် တိုက်စစ်မှူး ရိုနယ်ဒိုကို ပွဲအပြီးမှာပဲ အထူးတလည် ချီးမွမ်းခန်း ဖွင့်သွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဘရိုက်တန်နဲ့ မကစားမီ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂ပွဲမှာ သရေရလဒ်တွေသာ ရရှိအောင် ကစားနိုင်ခဲ့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိဖို့ အတွက် ဘရိုက်တန်နဲ့ပွဲကို မဖြစ်မနေ အနိုင်ယူဖို့ လိုအပ်ခဲ့ပါတယ်။

Photo Credit: Metro

မန်ချက်စတာ ယူနိုက်တက်ရဲ့ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်ဟာ ဘရိုက်တန်ဘက်ကို ပွဲစပွဲဆုံး ဖိအားပေး ကစားဖို့ ကြိုးစားခဲ့သလို အသင်းရဲ့ အဓိက ကစားသမားတွေ ဖြစ်တဲ့ ရိုနယ်ဒိုနဲ့ ဘရူနို ဖာနန်ဒက်တို့ ခြေစွမ်းပြ ကစားနိုင်ခဲ့တာကြောင့် ၂-၀ ဆိုတဲ့ ရလဒ်နဲ့ နိုင်ပွဲတပွဲကို သက်တောင့်သက်သာ ရရှိခဲ့ပါတယ်။

အဆိုပါပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက် အတွက် ခြေစွမ်းအပြဆုံး ကစားသမားဟာ ယခု ၂၀၂၂ခုနှစ် အတွင်းမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရတဲ့ တိုက်စစ်မှူး ရိုနယ်ဒို ဖြစ်ပြီး ရိုနယ်ဒိုဟာ ဘရိုက်တန် ကစားသမား ၅ဦး တားဆီးနေတဲ့ ကြားကနေ အသင်းအတွက် အဖွင့်ဂိုးကို ပြင်းထန် အားပါတဲ့ အဝေးကန်ချက်နဲ့ သွင်းယူပေးနိုင်ခဲ့သလို တပွဲလုံးမှာလည်း ဘရိုက်တန်ရဲ့ ခံစစ်ကြောင်းကို အကြိမ်ကြိမ် အခါခါ ဒုက္ခပေးနိုင်ခဲ့ပါတယ်။

Photo Credit: Metro

ဒါကြောင့်ပဲ ပွဲပြီးဆုံးချိန်မှာတော့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ယာယီနည်းပြ ရန်းဂ်နစ်က ရိုနယ်ဒိုကို အထူးတလည် ချီးကျူးခဲ့ရတာ ဖြစ်ပြီး ရိုနယ်ဒိုရဲ့ ခြေစွမ်းကောင်းတွေကို ထပ်မံ မြင်တွေ့ခွင့် ရဦးမယ်လို့လည်း ဆိုခဲ့ပါသေးတယ်။

ရန်းဂ်နစ်က – “ရိုနယ်ဒိုရဲ့ သွင်းဂိုးက အသင်းအတွက် အရမ်းကို အရေးပါခဲ့ပါတယ်။ ပြီးတော့ ဒီသွင်းဂိုးက လှပတဲ့ သွင်းဂိုးတဂိုးလည်း ဖြစ်ပါတယ်။ သူ့ရဲ့ သွင်းဂိုးက ကျွန်တော်တို့ အတွက် အရေးပါခဲ့သလို သူ့ရဲ့ စွမ်းဆောင်ရည်ကလည်း ကျွန်တော့်ရဲ့ လက်ထက်မှာ အကောင်းဆုံး စွမ်းဆောင်ရည်လို့ ပြောနိုင်ပါတယ်။ အားလုံးကို ခြုံကြည့်လိုက်ရင် ရိုနယ်ဒိုရဲ့ ခြေစွမ်းက ကျေနပ်ဖို့ ကောင်းပါတယ်။ သူက အားအင် အပြည့်အဝနဲ့ ဒီပွဲကို ကစားနိုင်ခဲ့သလို အသင်းဖော်တွေကိုလည်း ကူညီဖို့ အမြဲတမ်း ကြိုးစားခဲ့ပါတယ်။ ဒါကြောင့် သူ့ရဲ့ ခြေစွမ်းတွေ ဒီထက် ပိုပြီး ကောင်းလာလိမ့်မယ်လို့ ပြောချင်ပါတယ်” ဆိုပြီး ချီးကျူးသွားခဲ့တာပါ။