ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြသစ် ဖြစ်သူ ရန်းဂ်နစ် ကတော့ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ သူ့ရဲ့ မန်ချက်စတာ ယူနိုက်တက် နည်းပြဘဝ အဖွင့်ပွဲစဉ်မှာ သွင်းဂိုး သွင်းယူနိုင်ခဲ့ခြင်း မရှိပေမယ့် အသင်းအတွက် ခြေကုန်လက်ပန်း ကျတဲ့ အထိ ပေးဆပ် ကစားခဲ့တဲ့ ဝါရင့် တိုက်စစ်မှူး ရိုနယ်ဒိုကို ပွဲအပြီးမှာ ချီးကျူးသွားခဲ့ပါတယ်။

မကြာခင်မှာ အသက် ၃၇နှစ် ပြည့်တော့မယ့် ဝါရင့် ပေါ်တူဂီ တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုဟာ ကစားသမားဘဝ နောက်ဆုံးကာလ အပိုင်းအခြားကို ရောက်ရှိနေတာကြောင့် ပွဲများများ ကစားနိုင်ဖို့နဲ့ လိုအပ်တဲ့ အချိန်တွေမှာ သွင်းဂိုးတွေ သွင်းယူနိုင်ဖို့ အတွက် ခွန်အားကို ချွေတာလေ့ ရှိတဲ့ ကစားသမားပါ။

Photo Credit: Metro

ဒါပေမယ့် ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ၁-၀ ခရစ္စတယ် ပဲလေ့စ် ပွဲစဉ်မှာတော့ ရိုနယ်ဒိုက ပြိုင်ဘက် ကစားသမားတွေကို ပွဲစပွဲဆုံး လိုက်လံ ဖိအားပေး ကစားခဲ့ပြီး အဆိုပါ ဖိအားပေး ကစားမှုတွေကြောင့်ပဲ ပွဲပြီးဆုံးခါနီး မိနစ်ပိုင်း အလိုမှာ ရိုနယ်ဒိုဟာ အတော်လေး မောပန်း နွမ်းနယ်ခဲ့တာကိုလည်း မြင်တွေ့ရပါတယ်။

ရောက်လေရာ အသင်းတိုင်းမှာ Pressing Play Styleကို အသုံးပြုလေ့ ရှိတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြသစ် ရန်းဂ်နစ်က ရိုနယ်ဒိုရဲ့ အသင်းနဲ့ ဟန်ချက်ညီအောင် ကြိုးစား ကစားပေးခဲ့မှုကို သဘောကျနေပြီး ရိုနယ်ဒိုရဲ့ တဖက်အသင်း အပေါ် လိုက်လံ ဖိအားပေး ကစားမှုကို အလွန် သဘောကျကြောင်း ပွဲအပြီးမှာ ဖွင့်ဟ ချီးကျူးသွားခဲ့ပါတယ်။

Photo Credit: Metro

ရန်းဂ်နစ်က – “အသင်းရဲ့ ကစားပုံအတွက် ကျွန်တော် အတော်လေးကို ပျော်ရွှင်မိပါတယ်။ အထူးသဖြင့် ပထမ မိနစ်၆၀ အတွင်းမှာ ကျွန်တော်တို့ ကစားခဲ့တဲ့ Pressing ကစားပုံက အတော်လေး ကောင်းပါတယ်။ ကျွန်တော်တို့ လုပ်ဖို့ လိုအပ်ခဲ့တဲ့ အရာတခုက ပွဲကို ၁-၀ ဒါမှမဟုတ် ၂-၀ လောက် ဖြစ်အောင် လုပ်ဖို့ပါပဲ။ ကျွန်တော်တို့တွေရဲ့ ခံစစ် ကစားပုံ ၊ ပွဲကို ထိန်းချုပ်ပုံနဲ့ ဂိုးမပေးခဲ့ရတာတွေက ဒီနေ့ပွဲ အတွက် အဓိက ကျခဲ့တဲ့ အရာတွေပါ။ ကျွန်တော်တို့တွေ တိုးတက်အောင် လုပ်ဖို့ လိုနေတဲ့ အပိုင်းတွေကလည်း ဒီအပိုင်းတွေပါပဲ။ လေ့ကျင့်ခန်း တရက်ပဲ ဆင်းရသေးပေမယ့် ဒီလိုမျိုး ပေးဂိုး မရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ အတွက် အတော်လေးကို ကျေနပ်မိပါတယ်။ ကျွန်တော်တို့က မျှော်မှန်းထားတာထက် အများကြီး ပိုကောင်းအောင် လုပ်နိုင်ခဲ့တာပါ။ ကျွန်တော်တို့က အမြဲတမ်း ပြိုင်ဘက်အသင်းဆီက ဘောလုံးကို လုယူဖို့ ကြိုးစားခဲ့တယ်။ ပွဲပြီးခါနီး ၅မိနစ်ကလွဲရင် ကျွန်တော်တို့က အမြဲတမ်း တဖက်အသင်းကို ဖိအားပေးခဲ့တယ်။ ပြီးတော့ ကျွန်တော်တို့က သူတို့ကို ကိုယ့်ရဲ့ ဂိုးပေါက်နဲ့ ဝေးတဲ့ နေရာမှာ ထားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ တိုက်စစ်မှူး နှစ်ယောက်နဲ့ ကစားချင်ခဲ့တာပါ။ ဒါနဲ့ စကားမစပ် ရိုနယ်ဒိုရဲ့ ဘောလုံးမရှိတဲ့ အချိန်တွေမှာ ပြိုင်ဘက်တွေ အပေါ် ဖိအားပေးမှုတွေကို မြင်လိုက်ကြရဲ့လား။ သူ့ရဲ့ကစားပုံကိုတော့ လေးစားတယ်ဗျာ” လို့ ပြောကြားခဲ့တာပါ။