ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ ရက်ဖ် ရန်းဂ်နစ် ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ပွဲစဉ်မှာ အသင်းအတွက် အရေးပါတဲ့ ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့တဲ့ လူငယ်ကြယ်ပွင့် ကစားသမား အီလန်ဂါကို ပွဲအပြီးမှာ ချီးကျူးစကား ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ် အဖြစ် လာလီဂါ ချန်ပီယံ အက်သလက်တီကို မက်ဒရစ်ကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင် ကစားခဲ့ရာ ၁-၁ ဆိုတဲ့ ရလဒ်နဲ့ ပွဲပြီးဆုံးခဲ့တာကြောင့် ဘယ်အသင်းက နောက်တဆင့်ဆီ တက်လှမ်းနိုင်မလဲ ဆိုတာနဲ့ ပတ်သတ်ပြီး ဒုတိယအကျော့ အဖြစ် ယှဉ်ပြိုင် ကစားရမယ့် အင်္ဂလန်မြေမှာ အဖြေရှာရဖို့ ရှိပါတယ်။

Photo Credit: Squawka

အဆိုပါပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်ဟာ ဘောလုံးပိုင်ဆိုင်မှု အသာစီး ရခဲ့ပေမယ့် ထိရောက်တဲ့ ဂိုးပေါက် ခြိမ်းခြောက်မှု အပိုင်းမှာတော့ အိမ်ရှင် အက်သလက်တီကို မက်ဒရစ်က အသာရခဲ့ပြီး ပွဲကစားချိန် ၇မိနစ်မှာပဲ ပေါ်တူဂီကြယ်ပွင့် ဂျာအိုဖီးလစ်က လှပတဲ့ ခေါင်းတိုက်ချက်နဲ့အတူ အက်သလက်တီကို မက်ဒရစ် အတွက် ဦးဆောင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

ဦးဆောင်ဂိုး ရရှိသွားပြီးနောက် အက်သလက်တီကို မက်ဒရစ်က တောက်လျှောက် ဆိုသလို ဖိအားပေး တိုက်စစ်ဆင်မှုတွေ အဆက်မပြတ် ပြုလုပ်ခဲ့ပေမယ့် သွင်းဂိုးတွေ ရရှိခဲ့ခြင်း မရှိပဲ ဒုတိယပိုင်းကို ရောက်ရှိသွားချိန်မှာတော့ မန်ချက်စတာ ယူနိုက်တက်ဟာ ချေပဂိုး ရရှိဖို့ တင်ကစားလာခဲ့ပြီး လူစားဝင် လူငယ် တိုက်စစ်ကစားသမား အီလန်ဂါက ပွဲကစားချိန် ၈၀မိနစ်မှာ ဘရူနို ဖာနန်ဒက်ရဲ့ ပေးပို့မှုကို အပိုင် အဆုံးသတ်ကာ အရေးပါတဲ့ ချေပဂိုးကို သွင်းယူပေးခဲ့တာပါ။

Photo Credit: Squawka

ပွဲပြီးဆုံးချိန်မှာတော့ မန်ချက်စတာ ယူနိုက်တက်နည်းပြ ရက်ဖ် ရန်းဂ်နစ်က အသင်းအတွက် အရေးပါတဲ့ ချေပဂိုးကို သွင်းယူပေးခဲ့တဲ့ အီလန်ဂါကို ချီးကျူးသွားခဲ့ပြီး အီလန်ဂါက ကစားခွင့် ရတဲ့ အချိန်တိုင်းမှာ အသင်းအတွက် စိတ်ရော ကိုယ်ပါ နှစ်မြှုပ်ကာ ကစားလေ့ ရှိသူ ဖြစ်ကြောင်းနဲ့ အခြား ကစားသမားတွေ အနေနဲ့ အီလန်ဂါကို ပမာပြုကာ အသင်းအတွက် ပေးဆပ် ကစားဖို့ လိုအပ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

ရန်းဂ်နစ်က – “အီလန်ဂါက သူ့ရဲ့ အိမ်မက်တွေ အမှန်တကယ် ဖြစ်လာပြီ ဆိုတဲ့ ခံယူချက်မျိုးနဲ့ ကစားနေတာပါ။ သူ့ရဲ့ ကစားပုံကို ကြည့်ရတာ အတော်လေးကို ကျေနပ်ဖို့ ကောင်းပါတယ်။ ကျွန်တော်က တခြား ကစားသမား အနည်းစုကိုလည်း သူ့ရဲ့ ကစားပုံကို ကြည့်ပြီး သူ့လိုမျိုး ကြိုးစားစေချင်ပါတယ်။ ဒါဟာ သူ လုပ်လိုက်တဲ့ အရာတိုင်း ၊ ဆုံးဖြတ်ချက်တိုင်းက မှန်ကန်မှု ရှိတယ်လို့ ဆိုလိုချင်တာ မဟုတ်ပါဘူး ဒါပေမယ့် သူက မြက်ခင်းပေါ်မှာ သူကိုယ်တိုင် စိတ်ကျေနပ်မှု အပြည့်ရအောင် ကြိုးစား ကစားတယ်။ ဒါက ဘောလုံးပွဲ တပွဲမှာ အရေးကြီးတဲ့ အရာတခု ဆိုတာ ကျွန်တော်တို့ အားလုံး သိကြပါတယ်။ ဘောလုံးပွဲ ဆိုတာ ပြိုင်ဆိုင်မှု ပြင်းထန်သလို ကိုယ်တိုင်ကလည်း ကိုယ့်ရဲ့ ကစားပုံ ၊ ကိုယ်ကစားနေတဲ့ ဟန်ပန်ကို သဘောကျ နှစ်သက်ဖို့ လိုအပ်ပါတယ်။ ဒါက ကျွန်တော့်ရဲ့ ခံယူချက်ပါပဲ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။