ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ ရက်ဖ် ရန်းဂ်နစ် ကတော့ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ နောဝှစ်ချ်အသင်းကို အဝေးကွင်းမှာ ကျဉ်းမြောင်းတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တာဟာ အသင်းရဲ့ နံပါတ်တစ် ဂိုးသမား ဒီဂီယာရဲ့ ထိပ်တန်း လက်စွမ်းတွေကြောင့် ဖြစ်ကြောင်း ပွဲအပြီးမှာ ဝန်ခံသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ ခံစစ်ပိုင်း အမှားအယွင်းတွေကြောင့် ရလဒ်ကောင်းတွေ ရရှိဖို့ ရုန်းကန်နေရတဲ့ အသင်းတသင်း ဖြစ်ပေမယ့် ရန်းဂ်နစ် ရောက်ရှိလာပြီးနောက် ကစားထားတဲ့ ပရီးမီးယားလိဂ် ၂ပွဲဆက်တိုက် အနိုင်ရရှိခဲ့သလို ခံစစ်ကြောင်းကလည်း ၂ပွဲစလုံးမှာ ပေးဂိုး မရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

Photo Credit: Standard

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၂ပွဲမှာ ခရစ္စတယ် ပဲလေ့စ်ကို ၁-၀ ၊ နောဝှစ်ချ်ကို ၀-၁ ဆိုတဲ့ ရလဒ်တွေနဲ့ ပွတ်ကာသီကာ အနိုင်ရရှိခဲ့ပြီး အဆိုပါပွဲစဉ်တွေမှာ သူတို့အသင်းရဲ့ ကစားပုံဟာ အထိုက်အလျောက် တိုးတက်လာခဲ့ပေမယ့် ခံစစ်ကြောင်းက တဖက်အသင်းတွေရဲ့ တိုက်စစ်ပိုင်းကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်ခဲ့ခြင်း မရှိပဲ နံပါတ်တစ် ဂိုးသမား ဒီဂီယာရဲ့ လက်စွမ်းကြောင့်သာ ပေးဂိုးမဲ့ နိုင်ပွဲတွေကို ရရှိခဲ့တာပါ။

ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ နောဝှစ်ချ်အသင်းနဲ့ ပွဲစဉ်မှာလည်း မန်ချက်စတာ ယူနိုက်တက် အသင်းဟာ နောဝှစ်ချ်အသင်းကို အပိုင် ဂိုးသွင်းခွင့် ၅ကြိမ်နီးပါး ခွင့်ပြုခဲ့ရပြီး ဒီဂီယာက အဆိုပါ ၅ကြိမ်စလုံးကို ကာကွယ်နိုင်ခဲ့လို့သာ အနိုင်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit: Standard

ဒါကြောင့်လည်း နောဝှစ်ချ်အသင်းနဲ့ ပွဲစဉ်အပြီးမှာ ရန်းဂ်နစ်က ဒီဂီယာရဲ့ လက်စွမ်းပိုင်းကို ချီးကျူးခဲ့တာ ဖြစ်ပြီး ဒီဂီယာကြောင့်သာ ပေးဂိုးမဲ့ နိုင်ပွဲ တပွဲကို ရရှိခဲ့တာ ဖြစ်ကြောင်း ဝန်ခံသွားခဲ့ပါတယ်။

ရန်းဂ်နစ်က – “ဒီပွဲက အဝေးကွင်းပွဲ ဖြစ်သလို ကိုယ်ကာယ ကြံ့ခိုင်မှုအပိုင်းကို အတော်လေး အားပြုခဲ့ရတဲ့ ပွဲတပွဲပါ။ ကျွန်တော်က ဒိန်း(နောဝှစ်ချ်နည်းပြ)ကို သူတို့အသင်းရဲ့ ကစားပုံ အတော်လေး ကောင်းခဲ့ကြောင်း ပြောခဲ့ပါသေးတယ်။ သူတို့တွေက ဒီနေ့ပွဲမှာ အသင်းငယ် တသင်းလို မကစားခဲ့ကြပါဘူး။ သူတို့က ကျွန်တော်တို့ ခရစ္စတယ် ပဲလေ့စ်နဲ့ ပွဲစဉ်မှာ ကစားခဲ့တဲ့ ကစားပုံအတိုင်း ကစားခဲ့ကြပါတယ်။ ပွဲအစ ၁၅မိနစ်လောက်မှာ ကျွန်တော်တို့ရဲ့ ကစားပုံ အနည်းငယ် လျော့ရဲခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ကစားပုံ ကောင်းလာပြီး ပထမပိုင်းမှာ ဂိုးသွင်းခွင့် များများစားစား ခွင့်မပြုခဲ့ရပါဘူး။ ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့က ပွဲကို ဦးဆောင်ပြီး ကစားနိုင်လာပေမယ့် သူတို့ကို ဂိုးသွင်းခွင့် အများအပြား ခွင့်ပြုခဲ့ရသလို ထောင့်ကန်ဘောတွေ အများကြီးလည်း ခွင့်ပြုခဲ့ရပါတယ်။ အဆုံးသတ်မှာတော့ ဒီဂီယာရဲ့ လက်စွမ်းတွေက ကျွန်တော်တို့ အတွက် အထောက်အပံ့ ဖြစ်ခဲ့ပြီး သူ့ကြောင့်လည်း ပေးဂိုးမရှိတဲ့ နိုင်ပွဲတပွဲကို ရခဲ့တာပါ” လို့ ပြောကြားခဲ့တာပါ။