ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ ရန်းဂ်နစ် ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်ခဲ့တဲ့ အသင်းရဲ့ တိုက်စစ်ပိုင်းကို ပွဲအပြီးမှာပဲ ချီးကျူးသွားခဲ့ပါတယ်။

ယခုနှစ် ဘောလုံးရာသီမှာ ခြေစွမ်းပိုင်း တည်ငြိမ်မှု အားနည်းနေတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဘန်လေအသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားခဲ့ရာမှာတော့ အကောင်းဆုံး ခြေစွမ်းတွေကို ထုတ်ပြနိုင်ခဲ့ပြီး ဘန်လေအသင်းဘက်ကို တရစပ် တိုက်စစ်ဆင် ကစားကာ ၃-၁ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်နိုင်ပွဲ တပွဲ ရခဲ့ပါတယ်။

 

Photo Credit: Standard

မန်ချက်စတာ ယူနိုက်တက်အသင်းက ဘန်လေအသင်းကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ဝါရင့် တိုက်စစ်မှူးတွေ ဖြစ်တဲ့ ရိုနယ်ဒိုနဲ့ ကာဗာနီတို့ ဦးဆောင်တဲ့ တိုက်စစ်ပိုင်းက အတော်လေးကို အလုပ်လုပ်ခဲ့ပြီး ဂိုးသွင်းခွင့် အမြောက်အမြား ဖန်တီးကာ သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့သလို ခံစစ်ပိုင်းကိုလည်း အကူအညီပေးခဲ့ကြပါတယ်။

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ ရန်းဂ်နစ်က ဘန်လေနဲ့ပွဲအပြီးမှာ ရေကုန်ရေခမ်း ကစားခဲ့ကြတဲ့ အသင်းသားတွေရဲ့ ကစားပုံကို သဘောကျကြောင်း ပြောကြားသွားသလို အတက်အဆင်းမှန်မှန် ကစားနိုင်ခဲ့တဲ့ တိုက်စစ်ပိုင်းကိုလည်း အထူးတလည် ချီးကျူးသွားခဲ့တာပါ။

 

Photo Credit: Standard

ရန်းဂ်နစ်က – “ကျွန်တော်တို့ မျှော်လင့်ထားသလိုပဲ ဒီပွဲက အတော်လေးကို ကြံ့ခိုင်မှု အားပြု ကစားခဲ့ရတဲ့ ပွဲတပွဲ ဖြစ်ခဲ့ပါတယ်။ ဒီပွဲမှာ ကျွန်တော်တို့ အသင်းသားတွေက သူတို့ရဲ့ အရည်အသွေးကို ထုတ်ပြနိုင်ခဲ့ပါတယ်။ အရေးအကြီးဆုံး ကတော့ သူတို့ရဲ့ ခွန်အားတွေကို မြင့်တက်လာတာကို မြင်တွေ့ခဲ့ရတာပါပဲ။ ဒီနေ့ပွဲမှာ အသင်းရဲ့ စွမ်းဆောင်ရည်က အတော်လေးကို တိုးတက်လာခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်က တောင်ပံကစားသမား အဖြစ် ကစားခဲ့ကြတဲ့ ဆန်ချိုနဲ့ ဂရင်းဝုဒ်တို့ရဲ့ ခြေစွမ်းကိုလည်း ကျေနပ်မိပါတယ်။ ပြီးတော့ ကာဗာနီနဲ့ ရိုနယ်ဒိုတို့ပေါ့။ သူတို့နှစ်ယောက်ရဲ့ လုပ်အားနှုန်းကလည်း အတော်လေးကို အံ့ဩစရာ ကောင်းပါတယ်” လို့ ချီးကျူးသွားခဲ့ပါတယ်။