ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ယာယီနည်းပြ ဖြစ်သလို ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အသင်းရဲ့ အားကစားဒါရိုက်တာ အဖြစ် ပြောင်းလဲ လုပ်ကိုင်မယ့် ဝါရင့် ဂျာမန် ဘောလုံးဂုရုကြီး ရန်းဂ်နစ် ကတော့ အနာဂတ်မှာ အသင်းအတွက် ပေးဆပ်လိုစိတ် အပြည့် ရှိတဲ့ ကစားသမားတွေကိုသာ ခေါ်ယူသွားမယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ လူအင်အား အတောင့်တင်းဆုံး အသင်းလေးသင်းထဲက တသင်း ဖြစ်ပေမယ့် ယခုနှစ် ဘောလုံးရာသီမှာတော့ ရလဒ်ကောင်းတွေ ရရှိဖို့ ရုန်းကန်နေရသလို ကစားသမားတွေရဲ့ အေးဂျင့်တွေနဲ့ ဆက်ဆံရေး မပြေလည်တဲ့ အသင်းတသင်း အဖြစ် နာမည်ကျော်ပါတယ်။

Photo Credit: Team Talk

အထူးသဖြင့် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ပြင်သစ်ကြယ်ပွင့် ကစားသမားတွေ ဖြစ်တဲ့ ပေါ့ဘာနဲ့ မာရှယ်တို့ရဲ့ အေးဂျင့်နှစ်ဦး ဖြစ်သူ ရိုင်းအိုလာနဲ့ လန်ဘော်လေတို့ဟာ မန်ချက်စတာ ယူနိုက်တက်အသင်း အပေါ် မလေးစားတဲ့ အပြုအမူတွေကို ပြုမူခဲ့ကြသလို အသင်းရဲ့ ခွင့်ပြုချက်မရပဲ ကစားသမားတွေရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး အင်တာဗျူးတွေ လုပ်ခဲ့ကြတာကြောင့် ရန်းဂ်နစ်က အနာဂတ်မှာ ကစားသမားတွေရဲ့ အေးဂျင့်တွေ အပေါ် တင်းကျပ်မှုတွေ ပြုလုပ်ဖို့ စီစဉ်နေတာပါ။

လက်ရှိမှာတော့ ရန်းဂ်နစ်က အသင်းအတွက် ပေးဆပ်လိုစိတ် မရှိတဲ့ ကစားသမားတွေကို အသင်းကနေ ထွက်ခွာခွင့် ပေးမယ် လို့ တရားဝင် ပြောကြားထားသလို အသင်းအတွက် ကစားသမားသစ်တွေ ဝယ်ယူရာမှာလည်း အသင်းအပေါ် ရာနှုန်းပြည့် ပေးဆပ်မယ့် ကစားသမားတွေကိုသာ ခေါ်ယူသွားမယ် လို့ ဖွင့်ဟ ပြောပြလာပါတယ်။

Photo Credit: Team Talk

ရန်းဂ်နစ်က – “ကျွန်တော့်ရဲ့ ဆောင်းရာသီ အပြောင်းအရွှေ့နဲ့ ပတ်သတ်တဲ့ အတွေးအမြင်ကတော့ ရိုးစင်းပါတယ်။ တကယ်လို့ အသင်းရဲ့ အရည်အသွေးကို မြှင့်တင်ပေးနိုင်သလို ကိုယ်တိုင်ကလည်း အရည်အချင်း ပြည့်ဝတဲ့ ကစားသမားတွေသာ ဈေးကွက်ထဲမှာ ရှိနေရင် ကျွန်တော်တို့က စောင့်ကြည့်သွားမှာပါ။ ကွင်းလယ်လူမှ မဟုတ်ပါဘူး။ ကျွန်တော်တို့အသင်းရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီသလို သင့်တော်တဲ့ ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် ကစားသမားတွေ ရှိရင် ကျွန်တော်တို့က လှုပ်ရှားမှုတွေ ပြုလုပ်သွားဖို့ ရှိပါတယ်။ ပြီးတော့ ကျွန်တော်တို့ ခေါ်မယ့် ကစားသမားသစ်တွေမှာ မှန်ကန်တဲ့ စိတ်ထားတခု ရှိနေဖို့ လိုအပ်ပါလိမ့်မယ်။ အသင်းရဲ့ ကစားသမားသစ်တွေက နိုင်လိုစိတ် ပြင်းထန်ရမယ်။ အသင်းအတွက် ပေးဆပ်လိုစိတ် အပြည့် ရှိရပါမယ်။ ကျွန်တော်ကတော့ စိတ်ဓာတ်ပိုင်း ပြည့်ဝမှု ရှိဖို့ဟာ အရည်အချင်း ပြည့်ဝဖို့ထက် ပိုပြီး အရေးကြီးတယ်လို့ ခံယူထားပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။