ပရီးမီးယားလိဂ်ရဲ့ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ယာယီနည်းပြ အဖြစ် တာဝန်ယူထားရတဲ့ ရက်ဖ် ရန်းဂ်နစ်ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် လက်ကျန်ပွဲစဉ်မှာ အစဉ်အလာပြိုင်ဘက် လီဗာပူးကို အဝေးကွင်းမှာ ၄-၀ ဆိုတဲ့ ရလဒ်နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ရပြီးနောက် သူတို့အသင်းက လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ကစားသမားသစ် ၇ဦး ကနေ ၁၀ဦးကြား ခေါ်ယူဖို့ စီစဉ်ထားကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ် ပွဲကျန်အဖြစ် လီဗာပူးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့က လီဗာပူးရဲ့ အိမ်ကွင်း အန်ဖီးလ်မှာ ယှဉ်ပြိုင် ကစားခဲ့ကြရာ အိမ်ရှင် လီဗာပူးက ဧည့်သည် မန်ချက်စတာ ယူနိုက်တက်ကို ပွဲစပွဲဆုံး ဖိအားပေး ကစားနိုင်ခဲ့ကာ အဓိက ကစားသမားတွေ ဖြစ်ကြတဲ့ ဒီယက်ဇ် ၊ ဆာလာနဲ့ မာနေးတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၄-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့တာပါ။

Photo Credit: Metro

လီဗာပူး ၄-၀ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်ဟာ သူတို့အသင်း နှစ်သင်းကြားမှာ ကြီးမားတဲ့ ကွာဟချက်တွေ ရှိနေကြောင်းကို လှစ်ဟပြသနိုင်ခဲ့တဲ့ ပွဲတပွဲ ဖြစ်ခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ ယာယီနည်းပြ အဖြစ် တာဝန်ယူထားရတဲ့ ရန်းဂ်နစ်ကလည်း သူတို့အသင်းဟာ လီဗာပူးနဲ့ အလှမ်းဝေးကွာတဲ့ အနေအထား တရပ်ကို ရောက်ရှိနေကြောင်း ပွဲအပြီးမှာ ဝန်ခံသွားခဲ့ပါတယ်။

ဆက်လက်ပြီး ရန်းဂ်နစ်က သူတို့အနေနဲ့ လီဗာပူးကို အမှီလိုက်ဖို့ဆိုရင် တိကျသေချာတဲ့ ရေရှည်ပလန်တခုနဲ့ အတူ အသင်းကို တည်ဆောက်နိုင်ဖို့ လိုအပ်ကာ သူတို့အသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ကစားသမားသစ် အများအပြားကို ခေါ်ယူဖို့လည်း စီစဉ်နေကြောင်း ဆိုသွားခဲ့ပါတယ်။

Photo Credit: Metro

ရန်းဂ်နစ်က – “ခင်ဗျားတို့တွေ အခု ပရီးမီးယားလိဂ်ကို လွှမ်းမိုးထားနိုင်တဲ့ အသင်းနှစ်သင်းကို ကြည့်လိုက်ရင် နှစ်သင်းစလုံးက နည်းပြတွေနဲ့ ရေရှည် လက်တွဲထားတဲ့ အသင်းတွေ ဖြစ်တာကို မြင်တွေ့ရနိုင်သလို နည်းပြနှစ်ဦးရဲ့ အတွေးအခေါ်တွေ အပေါ် မူတည်ပြီး အသင်းကို တည်ဆောက်ထားတာကို တွေ့မြင်ရမှာပါ။ သူတို့နှစ်သင်းစလုံးက အပြောင်းအရွှေ့ ရာသီတိုင်းမှာ “ငါတို့တွေ ဘယ်လို ကစားချင်လဲ” ဆိုတဲ့ မေးခွန်းကို ကိုင်ပြီး တိကျသေချာတဲ့ အစီအစဉ်တွေနဲ့အတူ ကစားသမားသစ် ခေါ်ယူမှုတွေကို လုပ်ဆောင်ခဲ့ကြပါတယ်။ အခု ကျွန်တော်တို့ အသင်းမှာ ရှိနေတဲ့ ပြဿနာကို အဖြေရှာကြည့်မယ် ဆိုရင် ခက်ခက်ခဲခဲ လုပ်ရမယ်လို့ မထင်ပါဘူး။ ကျွန်တော်တို့က သွေးသစ်လောင်းဖို့ လိုအပ်နေပါပြီ။ ကျွန်တော်တို့ရဲ့ ကစားသမား တချို့ ရာသီကုန်ရင် စာချုပ်သက်တမ်း ကုန်တော့မှာမို့လို့ ဒီစကား ပြောတာမျိုး မဟုတ်ပါဘူး။ ကျွန်တော်ကတော့ လာမယ့် ဘောလုံးရာသီမှာ ကျွန်တော်တို့တွေ ကစားသမားသစ် ၆ယောက် ၊ ၇ယောက် ဒါမှမဟုတ် ၁၀ယောက်လောက်ကို မြင်ရမယ်လို့ပဲ ပြောချင်ပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။