ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြသစ် ရက်ဖ် ရန်းဂ်နစ်ကတော့ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် အသင်းရဲ့ အဓိက ကွင်းလယ်လူ ပေါလ်ပေါ့ဘာကို အသင်းမှာ ဆက်နေဖို့ လိုလားပေမယ့် အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ရင်လည်း မတားဘူးလို့ ခပ်ပြတ်ပြတ်ပဲ ပြောလိုက်ပါတယ်။

အသက် ၂၈နှစ် အရွယ် ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူ ပေါလ်ပေါ့ဘာဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး ပိုင်ရှင် ဖြစ်သလို အသင်းရဲ့ လုပ်ခလစာ အများဆုံး ကစားသမားတွေထဲက တဦးလည်း ဖြစ်ပေမယ့် အပြောင်းအရွှေ့ရာသီ ရောက်လာတိုင်း အသင်းကနေ ထွက်ခွာမယ်လို့ သတင်းကြီးတတ်တဲ့ ကစားသမား တဦး ဖြစ်ပါတယ်။

Photo Credit: Guardian

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ပေါ့ဘာရဲ့ ကြားမှာ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၆လကျော်သာ သက်တမ်း ကျန်ရှိတော့ကာ မန်ချက်စတာ ယူနိုက်တက်အသင်းက ပေါ့ဘာကို စာချုပ်သစ် ကမ်းလှမ်းမှုတွေ ဆက်တိုက် ဆိုသလို ပြုလုပ်ထားပေမယ့် ပေါ့ဘာဘက် ကတော့ စာချုပ်သစ် ချုပ်မယ် ၊ မချုပ်ဘူး ဆိုတာနဲ့ ပတ်သတ်ပြီး တိကျသေချာတဲ့ အဖြေတခု မပေးသေးပါဘူး။

ယမန်နေ့မှာတော့ ပေါ့ဘာရဲ့ အေးဂျင့်ဖြစ်သူ ရိုင်းအိုလာက သူတို့ဟာ ပေါ့ဘာအတွက် ကမ်းလှမ်းမှု များစွာ ရရှိထားကြောင်း ထုတ်ဖော် ပြောကြားခဲ့ကာ ပေါ့ဘာရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး အကောင်းဆုံး အဖြေတခုကို မကြာခင်မှာပဲ ပြောပြသွားမယ်လို့ ဆိုခဲ့ပါတယ်။

Photo Credit: Guardian

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြသစ် ဖြစ်သူ ရန်းဂ်နစ်ကတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ထိပ်တန်း အသင်းတသင်း ဖြစ်တာကြောင့် ကစားသမားတွေကို အသင်းမှာ ဆက်နေအောင် ဆွဲထားမှာ မဟုတ်ကြောင်းနဲ့ အသင်းအတွက် ကစားပေးချင်တဲ့ ကစားသမားတွေကိုသာ အသင်းမှာ ထားချင်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ။

ရန်းဂ်နစ်က – “ကျွန်တော်က ပေါ့ဘာဟာ အသင်းမှာ ဆက်ထိန်းထားဖို့ မသင့်တဲ့ ကစားသမားလို့ မပြောချင်ပါဘူး။ ဒါပေမယ့် ကစားသမားတွေက အသင်းမှာ ဆက်နေချင်စိတ် ရှိရမှာ ဖြစ်သလို အသင်းအတွက် ပေးဆပ်ကစားဖို့ အဆင်သင့် ဖြစ်နေရပါမယ်။ တကယ်လို့ ကစားသမား တယောက်က မန်ချက်စတာ ယူနိုက်တက်အသင်း အတွက် ကစားပေးချင်စိတ် မရှိဘူး ဆိုရင် အဲ့ဒီ ကစားသမားက အသင်းရဲ့ သက်တော်ရှည် ကစားသမား ဖြစ်နေဦးတော့ သူ့ကို အသင်းမှာ ဆက်နေဖို့ မဖြောင်းဖျသင့်တော့ဘူးလို့ ထင်ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းက ထိပ်တန်းအသင်း တသင်းပါ။ ပြီးတော့ များပြားလှတဲ့ ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ဒါကြောင့် အသင်းမှာ ရှိတဲ့ ဘယ်သူကမှ ကစားသမား တဦးကို အသင်းမှာ ဆက်နေပေးပါ ဆိုပြီး တောင်းပန်နေစရာ မလိုပါဘူး” လို့ ပြောကြားသွားခဲ့တာပါ။