ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ယာယီနည်းပြ ရန်းဂ်နစ် ကတော့ လတ်တလောမှာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အသင်းရဲ့ အဓိက နောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယားကို အသင်းခေါင်းဆောင် ရာထူးကနေ ဖယ်ရှားဖို့ မရှိသလို မက်ဂွိုင်းယားက အသင်းခေါင်းဆောင် အဖြစ် ဆက်လက် တာဝန်ယူဖို့ ရှိနေကြောင်း အက်စ်တွန်ဗီလာအသင်းနဲ့ ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။
အသက် ၂၈နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် နောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယားဟာ ၂၀၁၉ခုနှစ်ကမှ လက်စတာ စီးတီးအသင်း ကနေ မန်ချက်စတာ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၈၇သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းထံ ရောက်ရှိပြီး မကြာမီမှာပဲ အသင်းခေါင်းဆောင် တာဝန်ကို ရရှိခဲ့သူပါ။
Photo Credit: Express
မက်ဂွိုင်းယားဟာ မန်ချက်စတာ ယူနိုက်တက်အသင်းဆီ ရောက်ရှိလာပြီးနောက် အသင်းရဲ့ မရှိမဖြစ် နောက်ခံလူ တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပေမယ့် ယခုနှစ် ဘောလုံးရာသီမှာတော့ ခြေစွမ်းပိုင်း ကျဆင်းနေပြီး မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တာဝန်ရှိသူတွေ အနေနဲ့ မက်ဂွိုင်းယားကို အသင်းခေါင်းဆောင် ရာထူးကနေ ထုတ်ပယ်သင့်ကြောင်း အကြံပေးသူတွေပါ အများအပြား ရှိလာပါတယ်။
အထူးသဖြင့် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင် ရာထူးကို အသင်းထံ ယခုနှစ် ဘောလုံးရာသီမှာ ပြန်လည် ရောက်ရှိလာတဲ့ ကြယ်ပွင့် တိုက်စစ်မှူး ရိုနယ်ဒိုကသာ ရရှိသင့်ကြောင်း ယူဆသူတွေ အများအပြား ရှိနေပြီး မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ယာယီနည်းပြ အဖြစ် တာဝန်ယူထားတဲ့ ရန်းဂ်နစ် ကတော့ သူဟာ မက်ဂွိုင်းယားကို အသင်းခေါင်းဆောင် ရာထူးကနေ ဖယ်ရှားဖို့ မရှိကြောင်း အတည်ပြု ပြောကြားသွားခဲ့ပါတယ်။
Photo Credit: Express
ရန်းဂ်နစ်က – “အခုချိန်မှာတော့ မက်ဂွိုင်းယားကို အသင်းခေါင်းဆောင် ရာထူးကနေ ဖယ်ရှားဖို့ အကြောင်းပြချက် တစုံတရာ မတွေ့မိပါဘူး။ ဟယ်ရီက အသင်းခေါင်းဆောင် ရာထူးကို အချိန်အတော်ကြာ ရယူထားသူ ဖြစ်တာကြောင့် သူသာ ကစားနိုင်ရင် သူကပဲ အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူသွားရမှာပါ။ တကယ်လို့ သူ မကစားနိုင်ရင်တော့ အသင်းခေါင်းဆောင် လက်ပတ်ကို တခြားတယောက်ဆီ ပေးရမှာပေါ့” လို့ ပြောကြားသွားခဲ့တာပါ။