ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ ရန်းဂ်နစ်ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ နယူးကာဆယ်အသင်းနဲ့ ပွဲစဉ်မှာ သူတို့အသင်းဟာ ရမှတ် ၃မှတ် အပြည့် မရခဲ့ပေမယ့် ရမှတ် ၁မှတ် ရခဲ့တာကတောင် ကျေနပ်စရာ ကောင်းတဲ့ ဖြစ်ရပ်တခု ဖြစ်ကြောင်း ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်ကောင်းတွေ ရရှိဖို့ ရုန်းကန်နေရတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ရာသီကုန်မှာ ဥရောပ ချန်ပီယံလိဂ်ဝင်ခွင့်ကို ရရှိအောင် နယူးကာဆယ်အသင်းနဲ့ ပွဲစဉ်မှာ မဖြစ်မနေ အနိုင် ၃မှတ် ရယူနိုင်ဖို့ လိုအပ်ခဲ့ပေမယ့် ကစားပုံ ကောင်းမွန်ခဲ့ခြင်း မရှိပဲ ၁ဂိုးစီ သရေရလဒ်နဲ့ အတူ ရမှတ် ၁မှတ်နဲ့သာ အိမ်ပြန်ခဲ့ရပါတယ်။

Photo Credit: Sky Sports

နယူးကာဆယ်အသင်းရဲ့ အိမ်ကွင်း စိန့်ဂျိမ်းပါတ်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အဆိုပါပွဲစဉ်မှာ နှစ်သင်းစလုံးရဲ့ ခြေစွမ်းပိုင်းဟာ များစွာ ကွာခြားလှခြင်း မရှိခဲ့ပဲ အိမ်ရှင် နယူးကာဆယ် အသင်းက မန်ချက်စတာ ယူနိုက်တက် အသင်းဘက်ကို ပိုမို ဖိအားပေး ကစားနိုင်ခဲ့ပါတယ်။

အဆိုပါပွဲစဉ်မှာ နယူးကာဆယ်အသင်း အတွက် ဦးဆောင်ဂိုးကို ပွဲကစားချိန် ၇မိနစ်မှာတင် အသင်းရဲ့ အဓိက တိုက်စစ်မှူး စိန့်မက်ဆီမင်က သွင်းယူပေးခဲ့တာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်အသင်း အတွက် ချေပဂိုးကိုတော့ ပွဲကစားချိန် ၇၁မိနစ်မှာ လူစားဝင် တိုက်စစ်မှူး ကာဗာနီက သွင်းယူပေးခဲ့တာပါ။

Photo Credit: Sky Sports

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ ရန်းဂ်နစ်ကတော့ နယူးကာဆယ်နဲ့ ပွဲစဉ်မှာ သူတို့အသင်းရဲ့ ခြေစွမ်းပိုင်း ကောင်းမွန်ခြင်း မရှိခဲ့တာကို ပွဲအပြီးမှာပဲ ဝန်ခံသွားခဲ့ပြီး သူတို့အသင်းဟာ ရမှတ် ၂မှတ် ဆုံးရှုံးခဲ့တာ မဟုတ်ပဲ ကံကောင်းလို့သာ ရမှတ် ၁မှတ် စုဆောင်းနိုင်ခဲ့တာ ဖြစ်ကြောင်းလည်း ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

ရန်းဂ်နစ်က – “ဒီနေ့ပွဲမှာ အသင်းရဲ့ စွမ်းဆောင်ရည်ကို ကျွန်တော် လုံးဝ သဘောမကျပါဘူး။ တချို့ အချိန်တွေကလွဲပြီး ကျွန်တော်တို့က ပွဲကို ထိန်းချုပ်နိုင်စွမ်း မရှိခဲ့ဘူး။ အထူးသဖြင့် ကိုယ်ကာယ အားပြု ကစားရတဲ့ အချိန် ၊ ဘောလုံးပျက်ရင် လိုက်ဆယ်နိုင်လား ၊ မဆယ်နိုင်ဘူးလား စတဲ့ အချက်တွေကပဲ စကးပြောသွားခဲ့တာပါ။ ကျွန်တော်တို့အသင်းက အဲ့ဒါတွေကို ကောင်းကောင်း မလုပ်နိုင်ခဲ့ဘူး။ ကံကောင်းတာ တခုက ဒီပွဲမှာ ကျွန်တော်တို့ ၁မှတ် ရခဲ့တာပါပဲ။ ကျွန်တော်တို့က ရမှတ် ၂မှတ် ဆုံးရှုံးခဲ့တာ မဟုတ်ပါဘူး။ ရမှတ် ၁မှတ် ရခဲ့တာပါ” လို့ ပြောကြားသွားခဲ့တာပါ။