ပရီးမီးယားလိဂ်ရဲ့ အင်အားကြီးအသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ယာယီနည်းပြလည်းဖြစ် ၊ ရာသီကုန်မှာ အသင်းရဲ့ အတိုင်ပင်ခံ အဖြစ် ပြောင်းလဲ လုပ်ကိုင်မယ့် ဂျာမန် ဘောလုံးဂုရုကြီး ရန်းဂ်နစ်ဟာ ယခုအချိန်မှာ ချယ်လ်ဆီးနဲ့ အနာဂတ် မရေမရာ ဖြစ်နေတဲ့ သူ့ရဲ့ တပည့်ကျော် တူဟယ်လ်ကို မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။

ဂျာမန် ဘောလုံးဂုရုကြီး ရန်းဂ်နစ်ဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ယာယီနည်းပြ အဖြစ် လုပ်ကိုင်နေပေမယ့် သူ့ရဲ့ အဓိက တာဝန်က အသင်းကို ရေရှည် ကိုင်တွယ်နိုင်သလို အောင်မြင်မှုတွေလည်း ရရှိအောင် လုပ်ဆောင်ပေးနိုင်မယ့် ထိပ်တန်း နည်းပြတဦးကို ရှာဖွေ ခန့်အပ်ဖို့ပဲ ဖြစ်ပါတယ်။

Photo Credit: Metro

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်ဟာ ပီအက်စ်ဂျီနည်းပြ ပိုချက်တီနို ၊ အေဂျက်နည်းပြ တန်ဟက်ဂ် ၊ စပိန်နည်းပြ အင်းနရစ်တို့ကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ချိန်ရွယ်နေပေမယ့် ဗြိတိန်အစိုးရရဲ့ ချယ်လ်ဆီးပိုင်ရှင် အေဘရာမိုဗစ်ချ် အပေါ် ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့မှုကြောင့် တူဟယ်လ် တယောက် ချယ်လ်ဆီးနဲ့ အနာဂတ် မရေမရာ ဖြစ်နေချိန်မှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြသစ် လျာထားစာရင်းထဲ တူဟယ်လ်ပါ ပါဝင်လာကြောင်း နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ခရစ် ဝီလာက ဆိုပါတယ်။

Daily Mail သတင်းဌာနရဲ့ အားကစား သတင်းထောက် ခရစ် ဝီလာရဲ့ အဆိုအရ မန်ချက်စတာ ယူနိုက်တက် ယာယီနည်းပြ ရန်းဂ်နစ်ဟာ သူ့ရဲ့ လက်ရင်း တပည့်ဟောင်း တူဟယ်လ်နဲ့ ချယ်လ်ဆီးတို့ရဲ့ အခြေအနေတွေကို အနီးကပ် စောင့်ကြည့်နေပြီး အကယ်၍ တူဟယ်လ်ကသာ ချယ်လ်ဆီးဘက်ကနေ ထွက်ခွာခဲ့မယ် ဆိုရင် သူ့ဘက်က တူဟယ်လ်ကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ အဆင်သင့် ရှိနေကြောင်း သိရပါတယ်။

Photo Credit: Metro

ရန်းဂ်နစ်ဟာ တူဟယ်လ်ကို နည်းပြလောကထဲ ရောက်ရှိအောင် တွန်းအားပေး တိုက်တွန်းခဲ့သူ တဦး ဖြစ်ပြီး တူဟယ်လ် ကိုယ်တိုင်ကလည်း ရန်းဂ်နစ်က သူ့ရဲ့ ဆရာဖြစ်ကြောင်း ဖွင့်ဟ ဝန်ခံထားတာကြောင့် ရန်းဂ်နစ်ရဲ့ တိုက်တွန်းချက်သာ ရှိလာခဲ့ရင် သူ့အနေနဲ့ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖွယ် ရှိကြောင်းလည်း ဂျာမန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားကြပါတယ်။