MySport Myanmar

လက်စတာနဲ့ သရေကျခဲ့ပေမယ့် အဆင့်၄ထဲ ဝင်နိုင်ဖို့ မျှော်လင့်နေသေးတဲ့ ရန်းဂ်နစ်

ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ ရက်ဖ် ရန်းဂ်နစ်ကတော့ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ လက်စတာနဲ့ သရေကျခဲ့ပေမယ့် သူတို့အသင်းဟာ ရာသီကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့် တနေရာစာ ဖြစ်တဲ့ အဆင့်၄အတွင်းကို ဝင်ရောက်ခွင့် ရလိမ့်မယ်လို့ မျှော်လင့်ထားကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ပွဲစဉ်၃၀ အဖြစ် လက်စတာကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံကစားခဲ့ရာ တဖက်အသင်းကို ဦးဆောင်ဂိုး ခွင့်ပြုပေးခဲ့ရပြီး ဖရက်ဒ်ရဲ့ ချေပဂိုးကြောင့်သာ ၁-၁ ဆိုတဲ့ ရလဒ်နဲ့ သရေတမှတ် ရယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Squawka

လက်စတာနဲ့ပွဲမှာ သရေကျခဲ့တာကြောင့် မန်ချက်စတာ ယူနိုက်တက်ဟာ အဆင့်၄နေရာမှာ ရှိနေတဲ့ အာဆင်နယ်နဲ့ ရမှတ် ၃မှတ် အထိ ပြတ်တောက်နေသလို အာဆင်နယ်က ပွဲကျန် ၂ပွဲ အထိ ကစားရဖို့ ရှိနေသေးတာကြောင့် မန်ချက်စတာ ယူနိုက်တက်အနေနဲ့ အဆင့်၄အတွင်းကို ဝင်ရောက်ခွင့် ရဖို့ အတော်လေး မျှော်လင့်ချက် နည်းပါးသွားပြီလို့ ဆိုရမှာပါ။

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ ရန်းဂ်နစ်ကတော့ သူတို့အသင်းဟာ ဥရောပ ချန်ပီယံလိဂ်ဝင်ခွင့် တနေရာစာကို သိမ်းပိုက်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားဆဲ ဖြစ်ကြောင်း လက်စတာနဲ့ ပွဲအပြီးမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

Photo Credit: Squawka

ရန်းဂ်နစ်က – “ကျွန်တော်တို့က သရေကျခဲ့တဲ့ အပေါ် မပျော်နိုင်ပါဘူး။ ဒါပေမယ့် ဒုတိယပိုင်း ကစားပုံကတော့ အဆင်ပြေခဲ့ပါတယ်။ တကယ်လို့ သင်္ချာနည်းအရသာ ကျွန်တော်တို့အတွက် အဆင့်၄ အတွင်း ဝင်ရောက်နိုင်ဖို့ အခွင့်အရေး ရှိနေသေးရင် ကျွန်တော်တို့က အဆင့်၄ထဲကို ဝင်နိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ တာဝန်က ဒီရာသီကို အတတ်နိုင်ဆုံး အကောင်းဆုံး အနေအထားနဲ့ အဆုံးသတ်နိုင်အောင် ကြိုးစားဖို့ပါပဲ” လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။

Exit mobile version