ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ ရက်ဖ် ရန်းဂ်နစ် ကတော့ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ လိဒ်ယူနိုက်တက်ကို အဝေးကွင်းမှာ ၂-၄ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တာက အသင်းသားတွေရဲ့ စုစည်း ညီညွတ်မှုကြောင့် ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ အတွက် ပစ်မှတ်ထား ကြိုးပမ်းနေတဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ ယမန်နေ့ညမှာတော့ ပရီးမီးယားလိဂ် ပွဲစဉ်(၂၆) အဖြစ် လိဒ်ယူနိုက်တက်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ မက်ဂွိုင်းယား ၊ ဖာနန်ဒက် ၊ ဖရက်ဒ်နဲ့ အီလန်ဂါ စတဲ့ မတူညီတဲ့ ကစားသမား လေးဦးရဲ့ သွင်းဂိုးတွေနဲ့ အတူ ၂-၄ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်နိုင်ပွဲ တပွဲ ရရှိခဲ့ပါတယ်။

Photo Credit: Sky Sports

အဆိုပါနိုင်ပွဲကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ပွဲစဉ်၂၆ ပြီးဆုံးချိန်မှာ ရမှတ် ၄၆မှတ်နဲ့အတူ အမှတ်ပေးဇယားရဲ့ အဆင့်၄နေရာကို သိမ်းပိုက်ထားနိုင်ပြီး ရာသီကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ အတွက် မျှော်လင့်ချက် အားကောင်းလာခဲ့ပါတယ်။

လိဒ်ယူနိုက်တက်ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်ဟာ ပထမပိုင်း အပြီးမှာတင် ၀-၂ ဆိုတဲ့ ရလဒ်နဲ့ ပွဲကို ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ၂မိနစ် မပြည့်တဲ့ အချိန်တိုလေး အတွင်းမှာတင် လိဒ်ယူနိုက်တက်ဘက်ကို ချေပဂိုး နှစ်ဂိုးစလုံး ပြန်လည် ခွင့်ပြုပေးခဲ့ရပြီး အဲ့ဒီနောက် လူစားဝင် ကစားသမားတွေ ဖြစ်တဲ့ ဖရက်ဒ်နဲ့ အီလန်ဂါတို့ရဲ့ သွင်းဂိုးတွေကြောင့် ၂-၄ ဆိုတဲ့ ရလဒ်နဲ့အတူ အိမ်အပြန် မျက်နှာပန်းလှခဲ့တာ ဖြစ်ကာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ပရိသတ်တွေ ကတော့ ရိုလာကိုစတာလို အတက် ၊ အကျ ကြမ်းလွန်းတဲ့ ပွဲတပွဲလို့ မှတ်ချက်ပေးနေကြပါတယ်။

Photo Credit: Sky Sports

မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ ရန်းဂ်နစ်ကတော့ လိဒ်ယူနိုက်တက်ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အသင်းသားတွေရဲ့ စုစည်း ညီညွတ်မှု ၊ ရင့်ကျက်မှုတို့ကို အတိုင်းသား မြင်တွေ့ခွင့် ရခဲ့ကြောင်း ဆိုလာပါတယ်။

ရန်းဂ်နစ်က – “ဒီနေ့ပွဲရဲ့ ကစားပုံနဲ့ ရလဒ်က ပြီးခဲ့တဲ့ ကြားရက်မှာ ထွက်ပေါ်ခဲ့တဲ့ ကျွန်တော်တို့ရဲ့ အဝတ်လဲခန်းထဲမှာ စည်းလုံးမှု မရှိတော့ဘူး ဆိုတဲ့ ကောလဟာလ သတင်းတွေကို ချေဖျက်ပြနိုင်တဲ့ အကောင်းဆုံးသော သက်သေပါပဲ။ ဒီနေ့လိုမျိုး ပြိုင်ဆိုင်မှု ပြင်းထန်ပြီး မထင်မှတ်ထားတဲ့ အရာတွေ ဖြစ်ပေါ်ခဲ့တဲ့ ပွဲမျိုးမှာ အနိုင်ရဖို့ ဆိုရင် အသင်းတသင်းက ရင့်ကျက်မှုကိုရော စည်းလုံးမှုကိုပါ ပြသနိုင်ရပါမယ်။ ဒီနေ့မှာတော့ ကျွန်တော်တို့က ဒါတွေကို သက်သေပြနိုင်ခဲ့ပါပြီ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။