MySport Myanmar

ဒီဂျောင်ကို မခေါ်ယူနိုင်ခဲ့ရင် ဂလာဘတ် ကွင်းလယ်လူ ကိုနေးကို ခေါ်ယူသွားမယ့် မန်ယူ

မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်ဘောလုံးရာသီအတွက် ဘာစီလိုနာအသင်းရဲ့ နယ်သာလန် ကွင်းလယ်ကစားသမား ဖရန့်ကီဒီဂျောင်ကို အရခေါ်ယူသွားချင်နေပေမယ့် အဆင်မပြေတွေ ရှိလာခဲ့လို့ မခေါ်ယူနိုင်ခဲ့ရင် မိုချန်ဂလာဘတ်အသင်းက ပြင်သစ်ကွင်းလယ် ကော်အာဒီယိုကိုနေးကိုသာ ပြောင်းလဲခေါ်ယူသွားဖွယ် ရှိနိုင်တယ်လို့ ပြင်သစ်သတင်းမီဒီယာ L’Equipe ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : TEAMtalk

ယူနိုက်တက်အသင်းဟာ ဒတ်ချ်လူမျိုး ဘောလုံးနည်းပြ အဲရစ်တန်ဟက်ဂ်ကို အသင်းနည်းပြအဖြစ် ခန့်အပ်ခဲ့ပြီးနောက်မှာ တန်ဟက်ဂ်က သူနဲ့ အသင်းဟောင်း အေဂျက်စ်မှာ လက်တွဲခဲ့ဖူးတဲ့ ကစားသမားတွေကို ယူနိုက်တက်အသင်းဆီ ခေါ်ဆောင်ချင်နေကြပြီး ဒီကစားသမားတွေထဲမှာ ကွင်းလယ်လူဒီဂျောင်ပါ အပါအဝင် ဖြစ်လာခဲ့ပါတယ်။ တန်ဟက်ဂ်က ဒီဂျောင်ကို အသင်းဆီ ပြောင်းရွှေ့ရောက်ရှိလာဖို့ ကြိုးပမ်းနေပေမယ့်လည်း အရခေါ်ယူနိုင်ဖို့က ခက်ခဲနေတာကြောင့် ဒီဂျောင်အစား ပြင်သစ်ယူ-၁၉ ကွင်းလယ်ကစားသမား ကိုနေးကို ပြောင်းလဲကမ်းလှမ်းဖွယ် ရှိနေပါတယ်။

Photo Credit : Bundesliga News

အသက်(၂၁)နှစ်အရွှယ် ပြင်သစ်ကွင်းလယ်ကစားသမား ကိုနေးဟာ ပြင်သစ်ကလပ် တူးလော့စ်အသင်းမှာ သူရဲ့စီနီယာကစားသမားဘဝကို စတင်ခဲ့တာဖြစ်ပြီး ၂၀၂၁ခုနှစ် ဇန်နဝါရီလမှာပဲ ဘွန်ဒစ်လီဂါကလပ် မိုချန်ဂလာဘတ်အသင်းဆီ (၄)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့ကာ တူးလော့စ်အသင်းဆီ ရာသီကုန်ထိ အငှားနဲ့ သွားကစားခဲ့ရတာ ဖြစ်ပါတယ်။ ပြင်သစ်-အိုင်ဗရီကို့စ်နွယ်ဖွား ကိုနေးဟာ ပြီးခဲ့တဲံ့ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီမှာ မိုချန်ဂလာဘတ်အသင်းအတွက် ဘွန်ဒစ်လီဂါပွဲပေါင်း (၂၇)ပွဲအထိ ပါဝင်ကစားပေးခဲ့ပြီး (၂)ဂိုးသွင်း (၁)ဂိုးဖန်တီးပေးနိုင်ခဲ့သလို central midfielder အဖြစ်နဲ့ရော ကွင်းလယ်ခံစစ် ကစားသမားအဖြစ်နဲ့ပါ ပါဝင်ကစားနိုင်ခဲ့ပါတယ်။ ဘွန်ဒစ်လီဂါ ပွဲဦးထွက်ရာသီမှာပဲ အကောင်းဆုံး စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ကိုနေးကို ယူနိုက်တက် လက်စတာတို့လို ပရီးမီးယားလိဂ် ကလပ်အသင်းတွေအပြင် အသက်လက်တီကို ဂျုဗင်တပ်စ်တို့လို ဥရောပ အင်အားကြီး အသင်းတွေကပါ စိတ်ဝင်စားလာခဲ့ပြီး ယူနိုက်တက်ရဲ့ ယာယီနည်းပြဟောင်း ရန်းနစ်ကတော့ ကိုနေးရဲ့ ခြေစွမ်းတွေကို အလွန်နှစ်သက်နေတဲ့အတွက် အခြားအသင်းတွေထက် လက်ဦးမှုယူပြီး ခေါ်ယူနိုင်ဖို့ အသင်းဆီ အကြောင်းကြားထားခဲ့တယ်လို့ သိရှိရပါတယ်။ ကစားသမားရဲ့ လက်ရှိတန်ကြေးက ယူရို(၁၅)သန်းသာ ရှိပေမယ့် သူရဲ့လက်ရှိစာချုပ်က ၂၀၂၅ခုနှစ်မှသာ ကုန်ဆုံးမှာဖြစ်လို့ အနည်းဆုံး ယူရိုသန်း(၃၀)လောက်နဲ့ ကမ်းလှမ်းရနိုင်ပါတယ်။

Exit mobile version