ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ ရက်ဖ် ရန်းဂ်နစ်ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၂၃)မှာ ဘန်လေကို သရေကျခဲ့ပြီးနောက် သူတို့အသင်း ရရှိခဲ့တဲ့ ဒုတိယ ဦးဆောင်ဂိုးကို အကြောင်းပြချက် သေးသေးလေး တခုကြောင့် ပယ်ဖျက်လိုက်တဲ့ ကွင်းလယ်ဒိုင်နဲ့ VARအဖွဲ့ကို ပြစ်တင် ဝေဖန်သွားခဲ့ပါတယ်။

ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်ကောင်းတွေ ရရှိဖို့ ရုန်းကန်နေရတဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ လာမယ့် ဘောလုံးရာသီမှာ ဥရောပ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိဖို့ အတွက် တတ်နိုင်သလောက် ရမှတ်တွေ စုဆောင်းနိုင်ဖို့ လိုအပ်နေပေမယ့် အဆင့်၂၀က ဘန်လေကို အဝေးကွင်းမှာ တဖက် တဂိုးစီ သရေရလဒ် ထွက်ပေါ်အောင်သာ ကစားနိုင်ခဲ့တာကြောင့် ရမှတ် ၁မှတ်ထဲနဲ့ အိမ်ပြန်ခဲ့ရပါတယ်။

Photo Credit: Standard

အဆိုပါပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်အနေနဲ့ သွင်းဂိုး ၃ဂိုး အထိ သွင်းယူနိုင်ခဲ့ပေမယ့် ဗွေဆော်ဦး သွင်းယူခဲ့တဲ့ သွင်းဂိုးနဲ့ နောက်ဆုံး သွင်းယူခဲ့တဲ့ သွင်းဂိုးတွေမှာ မန်ချက်စတာ ယူနိုက်တက် ကစားသမားတွေက တဖက် ကစားသမားတွေ အပေါ် ပြစ်ဒဏ် ကျူးလွန်မှုတွေ ရှိနေတယ် ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ အတူ ကွင်းလယ်ဒိုင် မိုက်ဒင်းနဲ့ VARအဖွဲ့က သွင်းဂိုးတွေ ခွင့်ပြုပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။

ဘန်လေအတွက် အဖိုးတန် ချေပဂိုးကိုတော့ ပွဲကစားချိန် ၄၇မိနစ်မှာ အသစ်ရောက်လာတဲ့ တိုက်စစ်မှူး ဝက်စ်ဟော့ရဲ့ ဖန်တီးပေးမှု ကနေ တဆင့် တွဲဖက် တိုက်စစ်မှူး ရိုဒရီဂွက်စ်က သွင်းယူပေးခဲ့တာပါ။

Photo Credit: Standard

မန်ချက်စတာ ယူနိုက်တက်နည်းပြ ရက်ဖ် ရန်းဂ်နစ်ကတော့ သူတို့အသင်း ရရှိခဲ့တဲ့ ဒုတိယ ဦးဆောင်ဂိုးကို ပယ်ဖျက်ခဲ့တဲ့ ကွင်းလယ်ဒိုင်နဲ့ စည်းကြပ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကို နားမလည်ကြောင်းနဲ့ စည်းကြပ်ဒိုင်က ပေါ့ဘာနဲ့ ဘန်မီးစ်တို့ အနည်းငယ် ထိခိုက်မိပြီး နောက်ထပ် ၆စက္ကန့် အကြာမှပဲ အလံထောင်ခဲ့တာကြောင့် ဒီသွင်းဂိုးကို ပယ်ဖျက်စရာ မလိုအပ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

ရန်းဂ်နစ်က – “ကျွန်တော်တို့က အတော်လေး ကောင်းမွန်တဲ့ ပထမပိုင်း ကစားပုံကို ပြသနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့တွေ ဒီထက် ပိုကောင်းအောင် ကစားဖို့လည်း မဖြစ်နိုင်တော့ပါဘူး။ ကျွန်တော်တို့ သွင်းဂိုး ၃ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် ၂ဂိုး ပယ်ဖျက်ခံလိုက်ရတယ်။ ဒီထဲမှာ ပယ်ဖျက်ခံလိုက်ရတဲ့ ဒုတိယ သွင်းဂိုးနဲ့ ပတ်သတ်ပြီး ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကို နားမလည်နိုင်ပါဘူး။ ဒီဆုံးဖြတ်ချက်က စည်းကြပ်ဒိုင်ရဲ့ အတော်လေး ပျော့ပြောင်းတဲ့ ဆုံးဖြတ်ချက် ကနေ လာခဲ့တာပါ။ စည်းကြပ်ဒိုင်က ပေါ့ဘာနဲ့ ဘန်းမီးစ်တို့ရဲ့ ဘောလုံးယှဉ်လုမှု အပြီး နောက်ထပ် ၆စက္ကန့်လောက် အကြာမှပဲ အလံထောင်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ဘောလုံးက ဂိုးပိုက်နဲ့ မိတ်ဆက်သွားပါပြီ။ ဒါကြောင့် သူ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သတ်ပြီး အတော်လေးကို အံ့ဩရပါတယ်။ ဗာရန်းရဲ့ သွင်းဂိုးက မက်ဂွိုင်းယားရဲ့ ပြစ်ဒဏ်ဘော ကျူးလွန်မှုကြောင့် ပယ်ဖျက်ခံရတာ မှန်ပေမယ့် ဒီဒုတိယဂိုးကို ပယ်ဖျက်လိုက်တာကိုတော့ နားမလည်နိုင်ပါဘူး” လို့ ဝေဖန်သွားခဲ့တာပါ။