ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ ရက်ဖ် ရန်းဂ်နစ်ကတော့ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဝက်ဖို့ဒ်နဲ့ ပရီးမီးယားလိဂ်ပွဲမှာ အပိုင် ဂိုးသွင်းခွင့်တွေ ရခဲ့ပေမယ့် အဆိုပါ ဂိုးသွင်းခွင့်တွေကို အသုံးမချနိုင်ခဲ့ပဲ ဖြုန်းတီးပစ်ခဲ့တဲ့ အသင်းရဲ့ တိုက်စစ်ပိုင်းကို ပွဲအပြီးမှာ ဝေဖန်မှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ယခုနှစ် ဘောလုံးရာသီမှာ ဥရောပ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိအောင် အဓိကထား ကြိုးပမ်းနေရတဲ့ အသင်းတသင်း ဖြစ်ပြီး အဆင့်၁၉က ဝက်ဖို့ဒ်ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရတဲ့ ကျိန်းသေပေါက် နိုင်ပွဲ ရရှိခဲ့သင့်ပေမယ့် အသင်းရဲ့ တိုက်စစ် ကစားသမားတွေ ဖြစ်တဲ့ ရိုနယ်ဒို ၊ ဖာနန်ဒက်နဲ့ အီလန်ဂါတို့ရဲ့ အခွင့်အရေး ဖြုန်းတီးမှုတွေကြောင့်ပဲ ၀-၀ ဆိုတဲ့ သရေရလဒ်သာ ရရှိခဲ့ပါတယ်။

Photo Credit: Standard

အဆိုပါပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်ဟာ ဝက်ဖို့ဒ်ကို ပွဲစပွဲဆုံး ဖိအားပေး ကစားနိုင်ခဲ့သလို ကျိန်းသေပေါက် ဂိုးရသင့်တဲ့ အပိုင် အခွင့်အရေး ၄ကြိမ်လောက် ရခဲ့ပေမယ့် ရိုနယ်ဒို ၊ ဖာနန်ဒက်နဲ့ အီလန်ဂါတို့ရဲ့ လွဲချော်မှုတွေကြောင့်ပဲ ဂိုးမရခဲ့ပဲ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ ရုန်းကန်ရပါတော့မယ်။

ဒါကြောင့်ပဲ ပွဲပြီးဆုံးချိန်မှာတော့ မန်ချက်စတာ ယူနိုက်တက် ယာယီနည်းပြ ရန်းဂ်နစ်က အသင်းရဲ့ တိုက်စစ် ကစားသမားတွေဟာ အခွင့်အရေးတွေ ဖြုန်းတီးလွန်းတယ်လို့ ငြီးတွားခဲ့ပြီး ရလဒ်ကောင်းတွေ ရချင်ရင် ဂိုးသွင်းခွင့်တွေကို သေချာ အဆုံးသတ်နိုင်ဖို့ လိုအပ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Standard

ရန်းဂ်နစ်က – “ကျွန်တော်တို့ နည်းပြတွေရဲ့ တာဝန်က အသင်းကို ပွဲအတွင်းမှာ ဂိုးသွင်းခွင့်တွေ ရအောင် ကူညီဖို့ပါပဲ။ တကယ်လို့ ဒီနေ့ပွဲမှာသာ ကျွန်တော်တို့အသင်းက ဂိုးသွင်းခွင့် ၂ကြိမ် ၊ ၃ကြိမ်ပဲ ရခဲ့တယ် ဆိုရင် ကျွန်တော်တို့ နည်းပြတွေက အသင်းကို ပိုကောင်းအောင် ဘယ်လိုလုပ်ပေးရမလဲ ဆိုတာနဲ့ ပတ်သတ်ပြီး စဉ်းစားရတော့မှာပါ။ အခုတော့ မတူညီပါဘူး။ ကျွန်တော်တို့ ဒီနေ့ပွဲမှာ ရခဲ့တဲ့ ဂိုးသွင်းခွင့်တွေက ဒီပွဲကို အနိုင်ယူဖို့ လုံလောက်ပါတယ်။ ဒါကြောင့် ဒီပွဲရဲ့ ပြဿနာက အဆုံးသတ် မသေချာတာပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။