ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ ရက်ဖ် ရန်းဂ်နစ်ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အက်ဖ်အေဖလား ပဥ္စမအဆင့် ပွဲစဉ်မှာ မစ်ဒယ်ဘရော့ကို အမှတ်မထင် အရေးနိမ့်ခဲ့ပြီးနောက် မစ်ဒယ်ဘရော့ရဲ့ ချေပဂိုးကို ခွင့်ပြုခဲ့တဲ့ ကွင်းလယ်ဒိုင်ကို ခပ်ပြင်းပြင်း ဝေဖန်သွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ အက်ဖ်အေဖလား ပဥ္စမအဆင့် ပွဲစဉ်အဖြစ် မစ်ဒယ်ဘရော့ကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားခဲ့ရာ အဓိက ကစားသမား အစုံအလင်ကို အသုံးပြုခဲ့သလို ခြေစွမ်းပိုင်းကလည်း အကောင်းဆုံး ပုံစံတခုမှာ ရှိနေခဲ့ပေမယ့် ရလာတဲ့ အခွင့်အရေးတွေကို တိုက်စစ် ကစားသမားတွေက ဖြုန်းတီးခဲ့တာကြောင့် သာမန် ပွဲကစားချိန် အတွင်းမှာ ၁-၁ ဆိုတဲ့ သရေရလဒ်သာ ထွက်ပေါ်ခဲ့ပြီး ပင်နယ်တီ အဆုံးအဖြတ် ခံယူရာမှာတော့ ၇-၈ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။

Photo Credit: Fot Mob

အဆိုပါပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက် အတွက် ကွင်းလယ်တိုက်စစ် ကစားသမား ဘရူနို ဖာနန်ဒက်နဲ့ တောင်ပံတိုက်စစ် ကစားသမား ဆန်ချိုတို့က အထူး ခြေစွမ်းပြ ကစားခဲ့ကြပေမယ့် အဓိက တိုက်စစ်မှူး ရိုနယ်ဒိုရဲ့ ပင်နယ်တီ လွဲချော်မှု ၊ ဖာနန်ဒက်ရဲ့ ဂိုးသမားနဲ့ တဦးချင်း တွေ့ဆုံမှုကို အသုံးမချနိုင်မှုတို့ကြောင့် ဆန်ချိုရဲ့ ပွဲကစားချိန် ၂၅မိနစ်မှာ သွင်းယူပေးထားတဲ့ တလုံးထဲသော သွင်းဂိုးနဲ့သာ ပွဲကို ယှဉ်ပြိုင် ကစားခဲ့ရပါတယ်။

မစ်ဒယ်ဘရော့ ကတော့ ပရီးမီးယားလိဂ်မှာ ကစားဖူးတဲ့ အသင်းပီပီ ခံစစ်ကိုသာ အဓိက အားပြုကစားခဲ့ပြီး တန်ပြန်တိုက်စစ်တွေ ကနေ တဆင့် မန်ချက်စတာ ယူနိုက်တက်ဘက်ကို ထိုးဖောက်မှုတွေ ပြုလုပ်ခဲ့ကာ ပွဲကစားချိန် ၆၄မိနစ်မှာတော့ ကွင်းလယ်လူ ခရော့ရဲ့ အဖိုးတန် သွင်းဂိုးနဲ့အတူ ပင်နယ်တီ အဆုံးအဖြတ် ခံယူရမယ့် အနေအထား အထိ ရောက်အောင် ဆွဲခေါ်သွားနိုင်ခဲ့ပါတယ်။

Photo Credit: Fot Mob

ဒါပေမယ့် မစ်ဒယ်ဘရော့ရဲ့ ချေပဂိုးမှာ ပါဝင် ပတ်သတ်ခဲ့တဲ့ တိုက်စစ်မှူး ဝက်မိုးဟာ ဘောလုံးကို ရယူစဉ်မှာ လက်နဲ့ သိသိသာသာ ထိန်းခဲ့ကာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကစားသမားတွေနဲ့ နည်းပြအဖွဲ့ဝင်တွေက လက်ထိဘော ဖြစ်တာကြောင့် ခရော့ရဲ့ သွင်းဂိုးကို ပယ်ဖျက်ပေးဖို့ တောင်းဆိုခဲ့ကြပေမယ့် ကွင်းလယ်ဒိုင်နဲ့ VARအဖွဲ့ ကတော့ ခရော့ဟာ ဘောလုံးကို မတော်တဆ လက်နဲ့ ထိမိခဲ့တာသာ ဖြစ်ကြောင်း ရှင်းပြရင်း မစ်ဒယ်ဘရော့ရဲ့ ချေပဂိုးကို ခွင့်ပြုပေးခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ ရန်းဂ်နစ်ကတော့ ကွင်းလယ်ဒိုင်ရဲ့ အဆိုပါ ချေပဂိုးကို ခွင့်ပြုပေးခဲ့တဲ့ ဆုံးဖြတ်ချက်က အတော်လေးကို လွဲမှားတဲ့ ဆုံးဖြတ်ချက် တခု ဖြစ်ကြောင်း ပွဲအပြီးမှာ ပြောကြားရင်း ဝေဖန်သွားခဲ့ပါတယ်။ ရန်းဂ်နစ်က – “တဖက်အသင်းရဲ့ ချေပဂိုးက ဘယ်လိုမှကို ခွင့်ပြုစရာ အကြောင်းအရင်း မရှိတဲ့ သွင်းဂိုး တဂိုးပါ။ ဒါကြောင့် ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်က အံ့မခန်းပါပဲ။ (အရွဲ့တိုက်ကာ ပြောခြင်း) ဒီချေပဂိုးက လက်ထိဘောဆိုတာ အသိသာကြီးပါ။ ကျွန်တော်ဆိုရင် VAR ပြန်ကြည့်စရာ မလိုပဲနဲ့ကို ပြောနိုင်ပါတယ်။ ဒါကို ကွင်းလယ်ဒိုင်နဲ့ VAR အဖွဲ့က ဘယ်လို ဆုံးဖြတ်ချက်နဲ့ ခွင့်ပြုပေးခဲ့လဲ ဆိုတာ မတွေးတတ်တော့ပါဘူး။ ကျွန်တော် သိသလောက်တော့ ကွင်းလယ်ဒိုင်က ဒါဟာ မတော်တဆ ထိခဲ့တာလို့ ရှင်းပြခဲ့ပါတယ်။ ဒါပေမယ့် ဘောလုံးကို လေထဲမှာ လက်နဲ့ ထိန်းလိုက်တာက မတော်တဆ ဖြစ်ရပ်လားဗျာ။ ဒီလိုဆိုရင် လေထဲမှာ ဘောလုံးကို လက်နဲ့ ထိန်းလို့ရတယ် ဆိုတဲ့ အဓိပ္ပါယ် သက်ရောက်သွားပြီပေါ့” လို့ ပြောကြားသွားခဲ့တာပါ။