ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ ရက်ဖ် ရန်းဂ်နစ်ကတော့ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အစဉ်အလာ ပြိုင်ဘက် အာဆင်နယ်ကို အဝေးကွင်းမှာ ၃-၁ ဆိုတဲ့ ရလဒ်နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ရပြီးနောက် ကစားသမားတွေရဲ့ အရည်အသွေးနဲ့ စိတ်ဓာတ်ပိုင်းကို မေးခွန်းထုတ်သွားခဲ့ပါတယ်။

အာဆင်နယ်ရဲ့ အိမ်ကွင်း အမ်းမရိတ်မှာ ယှဉ်ပြိုင် ကစားခဲ့ကြတဲ့ ပွဲစဉ်မှာ နှစ်သင်းစလုံးရဲ့ ခြေစွမ်းပိုင်းက များစွာ ကွာခြားလှခြင်း မရှိပေမယ့် အိမ်ရှင် အာဆင်နယ်ရဲ့ ကစားသမားတွေက ချန်ပီယံလိဂ်ဝင်ခွင့် ရရမယ် ဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ ကစားသွားခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ ကစားသမားတွေ ကတော့ သာမန်ကာ လျှံကာသာ ကစားခဲ့တာကြောင့် အာဆင်နယ်က ခြေစွမ်းပိုင်း အသာစီးနဲ့အတူ ၃-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့တာပါ။

Photo Credit: Sky Sports

အဆိုပါပွဲစဉ်မှာ အာဆင်နယ်အတွက် သွင်းဂိုးတွေကို ပွဲကစားချိန် ၃မိနစ်မှာ ဘယ်နောက်ခံလူ တာဗာရက် ၊ ပွဲကစားချိန် ၃၂မိနစ်မှ ပင်နယ်တီကနေ တဆင့် ဆာကာနဲ့ ပွဲကစားချိန် ၇၀မိနစ်တို့မှာ ကွင်းလယ်လူ ချာကာတို့က သွင်းယူပေးခဲ့ကြတာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် အတွက် တလုံးထဲသော ချေပဂိုးကိုတော့ အဓိက တိုက်စစ်မှူး ရိုနယ်ဒိုက သွင်းယူပေးခဲ့တာပဲ ဖြစ်ပါတယ်။

အဆိုပါပွဲစဉ် ပြီးဆုံးချိန်မှာတော့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ယာယီနည်းပြ ဖြစ်သူ ရန်းဂ်နစ်က သူ့အသင်းရဲ့ ကစားသမားတွေကို ပယ်ပယ်နယ်နယ် ဝေဖန်သွားခဲ့သလို တန်းဆင်းဇုန်ထဲက ဘန်လေရဲ့ ကစားသမားတွေကတောင် သူ့ကစားသမားတွေထက် နည်းစနစ်ပိုင်း ပိုမို ကောင်းမွန်သေးကြောင်း ခိုင်းနှိုင်းကာ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Sky Sports

ရန်းဂ်နစ်က – “ကျွန်တော်က ဘန်လေနဲ့ ဆောက်သမ်တန်တို့ ကစားခဲ့ကြတဲ့ ဒုတိယပိုင်းကို ကြည့်လိုက်တဲ့ အချိန်မှာ ဘန်လေရဲ့ ကစားသမားတွေက တဖက်အသင်းကို ဂိုးပေါက် ကန်သွင်းမှု တကြိမ်မှ မရအောင် ကစားနိုင်ခဲ့ပါတယ်။ ကျွန်တော် ပြောတဲ့ အခြေခံနည်းစနစ်တွေ ဆိုတာ အဲ့ဒါပါပဲ။ ကျွန်တော်တို့ ကစားသမားတွေက အဲ့ဒီလိုမျိုးကိုတောင် မကစားနိုင်ကြပါဘူး။ ဒီအချက်တွေက ကျွန်တော်တို့တွေ နောက်ပွဲတွေမှာ တိုးတက်အောင် လုပ်ရမယ့် အချက်တွေပါပဲ” လို့ ပျစ်ပျစ်နှစ်နှစ် ဝေဖန်သွားခဲ့တာပါ။