ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်က ယခုနှစ် ဘောလုံးရာသီ အကုန်မှာ သူတို့အသင်းနဲ့ လမ်းခွဲတော့မယ့် နည်းပြချုပ် သောမတ်စ် တူဟယ်လ်ရဲ့ နေရာအတွက် အစားထိုးမှု အဖြစ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဟောင်း ဖြစ်သလို လက်ရှိမှာ ဩစတီးယားနိုင်ငံအသင်းရဲ့ နည်းပြချုပ် အဖြစ် တာဝန်ယူထားတဲ့ ရက်ဖ် ရန်းနစ်ဂ်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေကြောင်း ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

သောမတ်စ် တူဟယ်လ်က ဘိုင်ယန်မြူးနစ်ကို ယခုနှစ် ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ဆီ ပို့ဆောင်ပေးထားပေမယ့် ပြည်တွင်းပြိုင်ပွဲတွေ ဖြစ်တဲ့ ဂျာမန်စူပါဖလား ၊ ပိုကယ်ဖလားနဲ့ ဘွန်ဒက်လီဂါပြိုင်ပွဲတွေမှာ ချန်ပီယံဆုတွေ ရအောင် မစွမ်းဆောင်ပေးနိုင်ခဲ့တာကြောင့် ဘိုင်ယန်မြူးနစ်က ရာသီကုန်ချိန်မှာ တူဟယ်လ်နဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Photo Credit: Standard

သောမတ်စ် တူဟယ်လ်ကလည်း ဘိုင်ယန်မြူးနစ်ရဲ့ ဆုံးဖြတ်ချက်အတိုင်း လိုက်လုပ်ပေးဖို့ သဘောတူခဲ့ပြီး  ဘိုင်ယန်မြူးနစ်ရဲ့ တာဝန်ရှိသူတွေက တူဟယ်လ်နဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် နည်းပြဟောင်း နာဂယ်စမန်း ၊ လေဗာကူဆင်နည်းပြ အလွန်ဆိုနဲ့ ဗီလာနည်းပြ အမ်မရီတို့ကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ လုပ်ခဲ့ပေမယ့် သုံးဦးစလုံးက သူတို့အသင်းဆီ ပြောင်းလာဖို့ ငြင်းဆန်ခဲ့ကြပါတယ်။

ဒါကြောင့်ပဲ ဘိုင်ယန်မြူးနစ်ရဲ့ တာဝန်ရှိသူတွေက ဂျာမန်ဘောလုံးလောက အတွင်းမှာ အရှိန်အဝါ ကြီးမားသလို မန်ချက်စတာ ယူနိုက်တက်လို ထိပ်သီးအသင်းရဲ့ နည်းပြချုပ် အဖြစ် တာဝန်ယူခဲ့ဖူးတဲ့ ရက်ဖ် ရန်းဂ်နစ်ကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ပြောင်းလဲ ကြိုးစားနေပြီး ရန်းဂ်နစ်ကလည်း ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပါတယ်။

Photo Credit: SPORT

နာမည်ကြီး သတင်းထောက်တွေ ဖြစ်ကြတဲ့ ဖာဘရီဇီယို ရိုမာနို ၊ ပလက်တန်ဘက်ခ် ၊ ခရစ်ရှန် ဖော့ခ် စတဲ့ သတင်းထောက်တွေရဲ့ တညီတညွတ်ထဲ ဖော်ပြချက်တွေအရ ဘိုင်ယန်မြူးနစ်က ရန်းဂ်နစ်ကို ခေါ်ယူဖို့ တရားဝင် ဆွေးနွေးမှုတွေ လုပ်နေသလို ရန်းဂ်နစ်ကလည်း သူဟာ ဘိုင်ယန်မြူးနစ်ရဲ့ ကမ်းလှမ်းမှုကို ရရှိထားကြောင်းအား ဩစတီးယား ဘောလုံးအဖွဲ့ချုပ်ဆီ ဆက်သွယ်ကာ အသိပေးထားကြောင်း သိရှိရပါတယ်။

ဘိုင်ယန်မြူးနစ်ရဲ့ ကမ်းလှမ်းမှုကို ရရှိထားကြောင်းအား ရန်းဂ်နစ်က – “ဘိုင်ယန်မြူးနစ်က ကျွန်တော့်ကို ဆက်သွယ်လာပါတယ်။ ကျွန်တော်ကလည်း အဲ့ဒီအကြောင်းကို ဩစတီးယားဘောလုံးအဖွဲ့ချုပ်ဆီ ပြန်ပြီး အသိပေးထားပါတယ်။ အခုချိန်မှာ ကျွန်တော်က ဩစတီးယားအကြောင်းနဲ့ ယူရိုပြိုင်ပွဲအကြောင်းကိုပဲ အာရုံစိုက် စဉ်းစားနေပါတယ်။ တကယ်လို့ ဘိုင်ယန်မြူးနစ်ကသာ ကျွန်တော့်ကို မင်းကိုပဲ လိုချင်တယ်လို့ ပြောလာခဲ့ရင် ကျွန်တော်က ဘိုင်ယန်မြူးနစ်ဆီ ပြောင်းသင့် ၊ မပြောင်းသင့် ကိုယ့်ကိုယ်ကိုယ် သေချာ ပြန်မေးပါမယ်” လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အတည်ပြု ပြောကြားထားပါသေးတယ်။