ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ ရန်းဂ်နစ် ကတော့ ယခု ဇန်နဝါရီ အပြောင်းအရွှေ့မှာ အသင်းပြောင်းမယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတဲ့ ဝါရင့် တိုက်စစ်မှူး ကာဗာနီကို အသင်းကနေ ထွက်ခွာခွင့် ပေးဖို့ မရှိကြောင်း အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၄နှစ် အရွယ် ဥရုဂွေး လက်ရွေးစင် တိုက်စစ်မှူး ကာဗာနီဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီအသင်း ကနေ မန်ချက်စတာ ယူနိုက်တက် အသင်းထံ ၂ရာသီ စာချုပ်နဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းနဲ့ စာချုပ်သက်တမ်း ၆လသာ ကျန်တော့တဲ့သူပါ။

Photo Credit: Sky Sports

ဒါကြောင့်ပဲ စပိန်လာလီဂါ အင်အားကြီးကလပ် ဘာစီလိုနာအသင်း ၊ အီတလီ စီးရီးအေ အင်အားကြီးကလပ် ဂျူဗင်တပ်အသင်းတို့ အပါအဝင် ဥရောပ အသင်းကြီး အများစုက ကာဗာနီကို ဇန်နဝါရီလ အပြောင်းအရွှေ့မှာပဲ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခွင့် ရှိမလား ဆိုတာ စုံစမ်းလာကြပါတယ်။

ကာဗာနီဟာ ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အရန် တိုက်စစ်မှူး အဖြစ်သာ ကစားခွင့် ရထားတာကြောင့် အသင်းကနေ ထွက်ခွာဖွယ် ရှိကြောင်း ကောလဟာလ သတင်းတွေ ထွက်ပေါ်နေပေမယ့် ရန်းဂ်နစ် ကတော့ ကာဗာနီကို အသင်းမှာပဲ ရာသီကုန် အထိ ဆက်လက် ထိန်းသိမ်းဖို့ ဆုံးဖြတ်ထားသလို ကာဗာနီဟာ အသင်းအတွက် အရေးပါတဲ့ ကစားသမားတွေထဲက တဦး ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Sky Sports

ရန်းဂ်နစ်က – “ကာဗာနီဟာ ကျိန်းသေပေါက် ဇန်နဝါရီကာလမှာ အသင်းကနေ ထွက်သွားမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့တွေ အက်ဒီ(ကာဗာနီ)ရဲ့ အခြေအနေနဲ့ ပတ်သတ်ပြီး စကားပြောခဲ့သလို သူကလည်း ကျွန်တော်တို့က သူ့ကို လက်လွှတ်မှာ မဟုတ်ဘူး ဆိုတာကို သိထားပါတယ်။ ကျွန်တော်တို့ အသင်းမှာ သူ့ကို လိုအပ်နေပါတယ်။ သူက အရမ်းကို ကောင်းမွန်တဲ့ ကစားသမားပါ။ ကျွန်တော်က သူနဲ့ ပထမဦးဆုံး တွေ့တဲ့ ရက်မှာပဲ သူဟာ အသင်းအတွက် အရေးပါတဲ့ ကစားသမား ဆိုတာကိုလည်း ပြောထားပါတယ်” လို့ ဖွင့်ဟ ပြောဆိုသွားခဲ့တာပါ။