မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ယာယီနည်းပြ ရန်းနစ်နဲ့ အသင်းရဲ့ အဓိက ကစားသမားဖြစ်သူ ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်တို့နှစ်ဦးလုံးဟာ လီဗာပူးလ်အသင်းကို (၄)ဂိုးပြတ်နဲ့ အရှက်တကွဲ အပြတ်အသတ် ရှုံးနိမ့်အပြီး အသင်းရဲ့ အဝတ်လဲခန်းအတွင်း ကစားသမားတွေကို ဝေဖန်ထောက်ပြတဲ့ စကားတွေ ပြောဆိုဖြစ်ခဲ့တယ်လို့ ရန်းနစ်ကိုယ်တိုင် Sky Sports ရုပ်သံနဲ့ အင်တာဗျူးမှာ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Sport Illustrated

ယူနိုက်တက်အသင်းဟာ ဒီနှစ်ဘောလုံးရာသီအတွင်းမှာ ရှုံးပွဲ(၉)ပွဲထိ ကြုံတွေ့ထားခဲ့ရပြီး အဲ့ဒီရှံးပွဲထဲမှာ လီဗာပူးလ်အသင်းကို အိမ်ကွင်းမှာရော အဝေးကွင်းမှာပါ ဂိုးအပြတ်အသတ်တွေနဲ့ ရှုံးနိမ့်ထားခဲ့ရသလို ဒီရာသီ ယူနိုက်တက်ရဲ့ ကစားပုံတွေကလည်း ပရိသတ်တွေ စိတ်ပျက်လောက်စရာ ဖြစ်နေသလို ကစားသမားတွေရဲ့ အသင်းအပေါ် ပေးဆပ်ခြင်း ကင်းမဲ့သလို ဖြစ်နေရခြင်းကလည်း အသင်းအတွက် ဆိုးကျိုးတွေ ဖြစ်စေခဲ့ရပါတယ်။ အခုလည်း လီဗာပူးလ်အသင်းကို ဂိုးပြတ်ခြေပြတ်နဲ့ ရှုံးနိမ့်အပြီး ယူနိုက်တက် အသင်းနည်းပြ ရန်းနစ်နဲ့ အသင်းရဲ့ အဓိက ကစားသမား ဖာနန်ဒက်စ်တို့က အသင်းကစားသမားတွေရဲ့ ကစားပုံအပေါ် ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။

Embarrassing, disappointing, maybe even humiliating' – Ralf Rangnick on Manchester United's mauling at Liverpool - Eurosport

Photo Credit : Eurosport

Sky Sports ရုပ်သံကနေ နည်းပြရန်းနစ်ကို ကစားသမားတွေအပေါ် ဝေဖန်ခဲ့သလားလို့ မေးမြန်းလာခဲ့ရာ ရန်းနစ်က “ဟုတ်ပါတယ်။ ကျွန်တော် အဝတ်လဲခန်းထဲမှာ စကားစမြည် ပြောခဲ့ပါတယ်။ ဘရူနိုကလည်း အသင်းကို တစ်ခုခု ပြောဆိုခဲ့တယ်။ ကျွန်တော်ကလည်း သူတို့ကို တခုခု ပြောဆိုခဲ့ပါသေးတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ အထောက်အကူ မဖြစ်ခဲ့ပါဘူး။ စနေနေ့မှာ ဒဏ်ရာရ ကစားသမားတချို့ ပြန်လာနိုင်မယ်လို့ မျှော်လင့်ရပြီး ပွဲတစ်ပြီးတစ်ပွဲသာ အသုံးပြုသွားရပါမယ်။ အခုအချိန်မှာ အဆင့်(၄)အကြောင်း မှန်းဆဖို့က အထောက်အကူ ဖြစ်မယ်မထင်ပါဘူး။ ဒီနေ့ ကစားပုံမျိုးနဲ့ဆိုရင်လည်း ထိပ်ဆုံး(၄)သင်းအတွင်းကို ဝင်နိုင်မှာ မဟုတ်ပါဘူး။ အဝတ်လဲခန်းထဲမှာ ကျွန်တော် ပြောခဲ့တဲ့အရာတွေက အခုလို ချမပြသင့်ဘူးဆိုပေမယ့် ခြုံငုံပြောရရင်တော့ ပထမပိုင်းမှာ ကျွန်တော်တို့ ကောင်းကောင်း မကစားနိုင်ခဲ့သလို နောက်တခု ပြောချင်တာကလည်း ကျွန်တော်တို့ ကစားသမားတွေက ပရိသတ်တွေလိုပါပဲ။ အဲ့ဒီလိုပုံစံမျိုးနဲ့ လီဗာပူးလ်လို အသင်းမျိုးကို ယှဉ်ကစားရတာက အရမ်းခက်ခဲပါတယ်။ လီဗာပူးလ်လို အသင်းမျိုးကို ဘောလုံးကိုင်ထားတာတွေ ဖိအားတချို့ ပြန်ပေးတာမျိုးတွေ တိုက်စစ်ဆင်တာမျိုးတွေတောင် မလုပ်နိုင်ဘူးဆိုရင် ကစားသမားတွေက ရှုံးနိမ့်ရမှာကို ထိတ်လန့်နေသလိုမျိုး တူနေသလိုပါပဲ” လို့ ပြန်လည်ဖြေဆိုသွားခဲ့ပါတယ်။