ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြသစ် ဖြစ်သူ ရန်းဂ်နစ် ကတော့ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ သူ့ရဲ့ မန်ချက်စတာ ယူနိုက်တက် နည်းပြဘဝ ပထမဦးဆုံး ပွဲစဉ်မှာ အဖိုးတန် အနိုင်ဂိုးကို သွင်းယူပေးခဲ့တဲ့ ကွင်းလယ်လူ ဖရက်ဒ်ရဲ့ ခြေစွမ်းပိုင်းကို ချီးကျူးမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

အသက် ၆၃နှစ် အရွယ် ဂျာမန်လူမျိုး ထိပ်တန်းနည်းပြ ဖြစ်သူ ရန်းဂ်နစ်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းကို ၆လကြာအောင် ယာယီနည်းပြ အဖြစ် ကိုင်တွယ်ဖို့ တာဝန်ယူထားသူ ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်မှာတော့ အသင်းရဲ့ အားကစား ဒါရိုက်တာ အဖြစ် ပြောင်းလဲ တာဝန်ထမ်းဆောင်မယ့် ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။

Photo Credit: Sky Sports

လက်ရှိ ဥရောပမှာ နာမည်ကျော်ကြားနေတဲ့ Gegen Press ကစားပုံကို တီထွင်ခဲ့သူ အဖြစ် နာမည်ကျော်တဲ့ ရန်းဂ်နစ်ရဲ့ ပထမဦးဆုံးပွဲမှာပဲ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကစားပုံ အပြောင်းအလဲ ဖြစ်ခဲ့တာကို မြင်တွေ့ရပြီး ဘရာဇီးလ် လက်ရွေးစင် ကွင်းလယ်လူ ဖရက်ဒ်ကတော့ ရန်းဂ်နစ်ရဲ့ အဖွင့်ပွဲမှာ သူရဲကောင်း ဖြစ်ခဲ့သူပါ။

ဖရက်ဒ်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းက ခရစ္စတယ် ပဲလေ့စ်အသင်းကို ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ခြေစွမ်းပိုင်း အကောင်းမွန်ဆုံး ကစားသမား ဖြစ်ခဲ့သလို သူ အားမသန်တဲ့ ညာခြေနဲ့လည်း အသင်းအတွက် အဖိုးတန် အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

Photo Credit: Sky Sports

ဖရက်ဒ်ဟာ ပဲလေ့စ်အသင်းရဲ့ ဂိုးဧရိယာ အပြင်ဘက် ကနေ ညာခြေနဲ့ ဂိုးသမားရဲ့ အဝေးထောင့်ကို ကန်သွင်းကာ အသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြသစ် ရန်းဂ်နစ်ကတော့ သူဟာ ဖရက်ဒ်ရဲ့ သွင်းဂိုးကို မြင်တွေ့လိုက်ရချိန်မှာ အံ့ဩမင်သက်ခဲ့ရသလို ဖရက်ဒ်က ညာခြေအားသန် ကစားသမားလားလို့တောင် ထင်မြင်မိခဲ့ကြောင်း ပွဲအပြီးမှာ ထုတ်ဖော် ပြောဆိုကာ ဖရက်ဒ်ကို ချီးကျူးခဲ့ပါတယ်။

ရန်းဂ်နစ်က – “ဖရက်ဒ်ရဲ့ ဂိုးကို မြင်ပြီးတဲ့နောက် ကျွန်တော်က လက်ထောက်နည်းပြကို ဖရက်ဒ်က ညာသန်လားလို့တောင် မေးမိခဲ့ပါတယ်။ ကျွန်တော်က သူဟာ ဘယ်ခြေနဲ့ပဲ ဂိုးပေါက် ကန်သွင်းချက်တွေ လုပ်နိုင်တဲ့သူလို့ ထင်ခဲ့တာပါ။ ခြေစွမ်းပြနိုင်ခဲ့တဲ့ သူ့အတွက် အတော်လေး ပျော်ရွှင်မိပါတယ်” လို့ ချီးကျူးစကား ပြောကြားသွားခဲ့တာပါ။