ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ယာယီနည်းပြ အဖြစ် တာဝန်ယူ ဆောင်ရွက်နေတဲ့ ရက်ဖ် ရန်းနစ်ဂ်ကတော့ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဘရိုက်တန်ကို အဝေးကွင်းမှာ ၄-၀ ဆိုတဲ့ ရလဒ်နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ရပြီးနောက် အသင်းရဲ့ ပရိသတ်တွေကို တောင်းပန်စကား ပြောကြားသွားခဲ့ပါတယ်။

ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်ဆိုးတွေနဲ့ ဆက်တိုက် ဆိုသလို ကြုံတွေ့နေရတဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ ယမန်နေ့ညမှာလည်း ခြေစွာနေတဲ့ ဘရိုက်တန်ကို အဝေးကွင်းမှာ ခြေစွမ်းပိုင်းရော ၊ ရလဒ်ပိုင်းအရပါ ပြတ်ပြတ်သားသား အရေးနိမ့်ခဲ့ရပြီး ဂိုးပြတ်ရှုံးပွဲ တပွဲနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

Photo Credit: Metro

ဘရိုက်တန်က မန်ချက်စတာ ယူနိုက်တက်ကို လေးဂိုး ဂိုးမရှိ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အိမ်ရှင် ဘရိုက်တန်က ပွဲစပွဲဆုံး မန်ချက်စတာ ယူနိုက်တက်ဘက်ကို အဆက်မပြတ် ဖိအားပေး တိုက်စစ်ဆင် ကစားနိုင်ခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ ကစားသမားတွေ ကတော့ ပုံမှန်ခြေစွမ်းအောက်ကို ရောက်ရှိနေခဲ့ပါတယ်။

ဘရိုက်တန်လို အသင်းလတ် တသင်းကို အဝေးကွင်းမှာ ၄-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပြီးနောက် အဝေးကွင်းအထိ လိုက်ပါ အားပေးခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေက အတော်လေးကို ဒေါသထွက်နေခဲ့ကြပြီး အသင်းရဲ့ ကစားသမားတွေကိုလည်း အသင်းကနေ ထွက်သွားကြဖို့ အော်ဟစ်ခဲ့ကြပါတယ်။

Photo Credit: Metro

မန်ချက်စတာ ယူနိုက်တက်ရဲ့ ယာယီနည်းပြလည်းဖြစ် အတိုင်ပင်ခံလည်း ဖြစ်တဲ့ ရန်းဂ်နစ်ကတော့ ပရိသတ်တွေ ဒေါသထွက်တာကို နားလည်ကြောင်းနဲ့ အခုလို အရှက်တကွဲ ရှုံးနိမ့်ခဲ့ရလို့ ပရိသတ်တွေအား တောင်းပန်ချင်ကြောင်းကို ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ရန်းဂ်နစ်က – “ဒီနေ့ပွဲမှာ ကျွန်တော်တို့ရဲ့ ကစားပုံက အတော်လေးကို ဆိုးရွားခဲ့ပါတယ်။ ကျွန်တော်တို့တွေ ပွဲစကနေ ပွဲပြီးတဲ့ အထိ စွမ်းရည်ကောင်းတွေ ထုတ်မပြနိုင်ခဲ့ကြပါဘူး။ ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်က အသင်းရဲ့ အဆင့်အတန်းနဲ့ မကိုက်ညီသလို ဒီလို ဆိုးရွားတဲ့ ကစားပုံကြောင့်ပဲ ပရိသတ်တွေကို တောင်းပန်ချင်ပါတယ်” လို့ တောင်းပန်စကား ပြောကြားသွားခဲ့တာပါ။