MySport Myanmar

ပေါ့ဘာက ရာသီကုန်ရင် အသင်းကနေ ထွက်ခွာတော့မယ်လို့ အတည်ပြုခဲ့တဲ့ ရန်းဂ်နစ်

ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ယာယီနည်းပြ အဖြစ် တာဝန်ယူထားသလို ရာသီကုန်ရင် အတိုင်ပင်ခံ အဖြစ် ပြောင်းလဲ တာဝန်ထမ်းဆောင်မယ့် ရက်ဖ် ရန်းဂ်နစ်က သူတို့အသင်းရဲ့ အဓိက ကွင်းလယ်လူ ပေါလ် ပေါ့ဘာဟာ ရာသီကုန်ရင် အသင်းကနေ ထွက်ခွာတော့မယ်လို့ အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၈နှစ် အရွယ် ပြင်သစ်လက်ရွေးစင် ကွင်းလယ်လူ ပေါလ် ပေါ့ဘာဟာ မန်ချက်စတာ ယူနိုက်တက်နဲ့ ယခုနှစ် ဘောလုံးရာသီကုန်ရင် စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ကစားသမား တဦး ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်ဘက်က သူ့ကို စာချုပ်သစ် ချုပ်ဆိုချင်နေပေမယ့် ပေါ့ဘာကတော့ အသင်းကနေ ထွက်ခွာဖို့သာ စိုင်းပြင်းနေပါတယ်။

Photo Credit: The Guardian

လက်ရှိအချိန်မှာ မန်ချက်စတာ ယူနိုက်တက်က ပေါ့ဘာကို တပတ် လုပ်ခလစာ ယူရို ၄သိန်း ၈သောင်း အထိ ပေးချေမယ့် စာချုပ်သစ် တရပ်နဲ့ ကမ်းလှမ်းထားပေမယ့် ပေါ့ဘာကတော့ အသင်းပရိသတ်တွေရဲ့ လှောင်ပြောင်မှုတွေကို ခံခဲ့ရပြီးနောက် အသင်းကနေ ထွက်ခွာကာ အခြားအသင်း တသင်းဆီသာ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ချက် ချထားပါတယ်။

ကနဦးမှာ ပေါ့ဘာက မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြသစ် တန်ဟက်ဂ်နဲ့ တွေ့ဆုံကာ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး အဖြေရှာမယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ထားပေမယ့် ယနေ့မနက်ပိုင်းမှာတော့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ယာယီနည်းပြ ရန်းဂ်နစ်က ပေါ့ဘာဟာ ရာသီကုန်ရင် အသင်းကနေ ထွက်ခွာတော့မယ်လို့ အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

Photo Credit: The Guardian

ရန်းဂ်နစ်က – “အခု အခြေအနေတွေအရ ပေါ့ဘာက မန်ချက်စတာ ယူနိုက်တက်နဲ့ သက်တမ်း မတိုးလောက်ပါဘူး။ ဒါကြောင့် လာမယ့် ဘောလုံးရာသီမှာ ပေါ့ဘာက မန်ချက်စတာ ယူနိုက်တက်နဲ့အတူ ဆက်ပြီး ရှိနေမယ် မထင်ပါဘူး” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

Exit mobile version