MySport Myanmar

အသင်းခေါင်းဆောင်သစ်ကို Votingစနစ်နဲ့ ရွေးချယ်သွားမယ်လို့ ပြောလာတဲ့ ရန်းဂ်နစ်

ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ယာယီနည်းပြ အဖြစ် တာဝန်ယူ ဆောင်ရွက်နေတဲ့ ဂျာမန် ဘောလုံးဂုရုကြီး ရန်းဂ်နစ်ကတော့ သူတို့အသင်းဟာ မကြာခင်မှာ အသင်းခေါင်းဆောင်သစ် ရွေးချယ်ပွဲကို ကျင်းပဖွယ် ရှိကြောင်း ယနေ့မနက် အစောပိုင်းမှာ ပြုလုပ်ခဲ့တဲ့ ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ရဲ့ အဆင့်၂နေရာနဲ့ ရာသီသိမ်းနိုင်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ ယခုနှစ် ဘောလုံးရာသီမှာတော့ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ခက်ခဲနေသလို အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူထားတဲ့ ဗဟိုနောက်ခံလူ မက်ဂွိုင်းယားရဲ့ ခြေစွမ်းပိုင်းကလည်း အတော်လေး ကျဆင်းနေတာကြောင့် သူတို့အသင်းမှာ အသင်းခေါင်းဆောင်သစ် ပြန်ခန့်ဖို့ လိုအပ်နေပြီ ဖြစ်ကြောင်း ပရိသတ်တွေက ထောက်ပြနေကြပါတယ်။

Photo Credit: Sky Sports

အထူးသဖြင့် မန်ချက်စတာ ယူနိုက်တက်ရဲ့ ပရိသတ်တွေဟာ အသင်းရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သလို လက်ရှိ အသင်းရဲ့ အ‌ကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ခံထားရတဲ့ ခရစ္စတီယာနို ရိုနယ်ဒိုကို အသင်းရဲ့ အသင်းခေါင်းဆောင်သစ် အဖြစ် မြင်တွေ့ချင်နေကြပြီး ပေါ်တူဂီ အသင်းခေါင်းဆောင် ရိုနယ်ဒိုက မန်ချက်စတာ ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင် လက်ပတ်နဲ့ အသင့်တော်ဆုံး ကစားသမား ဖြစ်ကြောင်းလည်း ဘောလုံးရေးရာ သုံးသပ်သူတွေက သုံးသပ်ထားကြပါတယ်။

ဒါကြောင့် လာမယ့် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြသစ် အဖြစ် တာဝန်ယူ ဆောင်ရွက်မယ့် တန်ဟက်ဂ်က အသင်းခေါင်းဆောင် အပြောင်းအလဲ လုပ်ဆောင်ဖွယ် ရှိကြောင်း သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ ယာယီနည်းပြ ရန်းဂ်နစ်ကလည်း သူတို့အသင်းဟာ အသင်းခေါင်းဆောင်သစ်ကို အသင်းသားတွေရဲ့ မဲပေးမှုနဲ့ ရွေးချယ် ခန့်အပ်သင့်ကြောင်း ဆိုလာပါတယ်။

Photo Credit: Sky Sports

ရန်းဂ်နစ်က – “ခင်ဗျားတို့တွေ မေးနေကြတဲ့ လာမယ့် ဘောလုံးရာသီမှာ ဘယ်သူက အသင်းခေါင်းဆောင် ဖြစ်မလဲ ဆိုတဲ့ မေးခွန်းနဲ့ ပတ်သတ်ပြီး ကျွန်တော့်ဆီမှာ တိကျတဲ့ အဖြေ မရှိပါဘူး။ ပြီးတော့ လာမယ့်ရာသီမှာ အသင်းရဲ့ ကစားသမားတွေက ဘယ်သူတွေ ဖြစ်နေမလဲ ဆိုတာကိုလည်း ကျွန်တော်တို့ မသိကြသေးဘူးလေ။ ကျွန်တော် ပြောနိုင်တာက ကျွန်တော်ဟာ အသင်းခေါင်းဆောင်ကို အသင်းသားတွေရဲ့ မဲပေးမှုနဲ့ ရွေးချယ်သင့်တယ် ဆိုတဲ့ အယူအဆကို လက်ကိုင်ထားတယ် ဆိုတာပါပဲ။ ကျွန်တော်က အရင်တုန်းကလည်း အသင်းရဲ့ အသင်းခေါင်းဆောင်ကို အဲ့ဒီနည်းလမ်းနဲ့ ရွေးချယ်ခဲ့ဖူးသလို အောင်မြင်မှုတွေလည်း ရခဲ့ပါတယ်။ ဂျာမဏီမှာဆိုရင် အသင်းခေါင်းဆောင်ကို အဲ့ဒီနည်းလမ်းနဲ့ပဲ ရွေးချယ်လေ့ ရှိကြပါတယ်” ဆိုပြီး ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

Exit mobile version