ပြီးခဲ့တဲ့ ဘောလုံးရာသီရဲ့ လက်ကျန်ရာသီဝက်မှာ ခရစ္စတယ် ပဲလေ့စ်အသင်းကနေ မန်ချက်စတာ ယူနိုက်တက်အသင်းဆီကို (၆)လအငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့ပြီး တစ်ပွဲတစ်လေတောင်မှ ကစားခွင့် မရခဲ့တဲ့ ဂိုးသမား ဂျက် ဘတ်လန်းကိုတော့ စကော့တလန် ထိပ်သီးကလပ် ရိန်းဂျားအသင်းက ခေါ်ယူလိုက်ပါတယ်။

Photo Credit : TheFA

   အသက် (၁၉)နှစ် နဲ့ (၁၅၈)ရက်မှာပဲ အင်္ဂလန် လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခံခဲ့ရတဲ့ အသက် အငယ်ဆုံးသော ဂိုးသမားအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ ဂိုးသမား ဘတ်လန်းဟာ အဲ့ဒီလို ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ရရှိလာတဲ့ အောင်မြင်မှုတွေကြောင့် ဘတ်လန်းရဲ့ အနာဂတ်က အတော်လေး တောက်ပလိမ့်မယ်လို့ ထင်ထားခဲ့ရပေမယ့်လည်း တကယ်တမ်း လက်တွေ့မှတော့ ထင်ထားသလို ဖြစ်မလာခဲ့ပဲ flop သွားခဲ့ရပါတယ်။ အသက် (၂၅)နှစ် အရွယ်လောက်မှာပဲ အင်္ဂလန်အသင်းအတွက် (၉)ပွဲအထိ ကစားပေးနိုင်ခဲ့တဲ့ ဘတ်လန်းက စတုတ်အသင်းမှာ ဒဏ်ရာတွေနဲ့ အလူးအလဲ ရင်ဆိုင်ရာကနေ သူရဲ့ ပုံမှန် လက်စွမ်းတွေ ပျောက်ဆုံးလာခဲ့ရင်း ကစားသမားဘဝပါ ထိခိုက်သွားခဲ့ရပါတယ်။

Photo Credit : Sky Sports

   စတုတ်စီးတီးမှာ (၇)နှစ်လောက် ရှိခဲ့ပေမယ့်လည်း ဘာမင်ဂမ် ဘန်စလေ လိဒ်စ် ဒါဘီတို့ဆီ အငှား သွားကစာရင်း ၂၀၂၀မှာ ပဲလေ့စ်ကို ရောက်သွားခဲ့ပေမယ့်လည်း ပဲလေ့စ်မှာလည်း ပွဲကစားခွင့် မရတဲ့ သူ့ကို အရန် ဂိုးသမားတစ်ဦး အသည်းအသန် အလိုရှိနေတဲ့ မန်ယူနိုက်တက်အသင်းက (၆)လအငှားနဲ့ ခေါ်ယူခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း ဒီဟေးယား လက်စွမ်းတွေ ကမောက်ကမ ဖြစ်နေတာတောင် ပွဲဆက် တအားပြတ်နေတဲ့ ဘတ်လန်းကို ယူနိုက်တက်က လုံးဝ ပွဲကစားခွင့် မပေးခဲ့ပဲ အငှားပြည့်ချိန်မှာ ပဲလေ့စ်ဆီ ပြန်ပို့ဆောင်ခဲ့ပါတယ်။

ဒါပေမယ့် ဘတ်လန်းက ပဲလေ့စ်နဲ့လည်း စာချုပ်သက်တမ်းက ကုန်ဆုံးပြီဖြစ်လို့ free agent player ဖြစ်နေတုန်းမှာပဲ စကော့ ထိပ်သီးကလပ် ရိန်းဂျားအသင်းက ဘတ်လန်းကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့ပြီး (၄)နှစ်စာချုပ် ချုပ်ဆိုသွားခဲ့ပါတယ်။