စကော့တလန် ထိပ်သီးကလပ် ရိန်းဂျားက သူတို့အသင်းကနေ နယ်သာလန် ထိပ်သီးကလပ် အေဂျက်ထံ စံချိန်တင် ပြောင်းရွှေ့ကြေး တရပ်နဲ့ ပြောင်းရွှေ့သွားခဲ့တဲ့ ခံစစ်မှူး ဘက်ဆေးရဲ့ နေရာအတွက် အစားထိုးမှု အဖြစ် လီဗာပူးခံစစ်မှူး ဘန်ဒေးဗီးစ်ကို စုစုပေါင်း ပြောင်းရွှေ့ကြေး ပေါင် ၄သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

ရိန်းဂျားက သူတို့အသင်းရဲ့ အဓိက ဗဟိုခံစစ်မှူး ဘက်ဆေးကို အေဂျက်ထံ ကနဦး ပြောင်းရွှေ့ကြေး ယူရို ၂၂သန်း + အပိုဆုကြေး ယူရို ၅သန်းနဲ့ ရောင်းချခဲ့တာ ဖြစ်ပြီး ဘက်ဆေးရဲ့ နေရာအတွက် တိုက်ရိုက် အစားထိုးမှု အဖြစ် လီဗာပူးရဲ့ အပယ်ခံ ဗဟိုခံစစ်မှူး ဒေးဗီးစ်ကို ပြန်လည် ခေါ်ယူဖို့ ယမန်နေ့ကတည်းက အပြင်းအထန် ကြိုးပမ်းခဲ့တာပါ။

Photo Credit: Mirror

အသက် ၂၆နှစ် အရွယ် အင်္ဂလန် ဗဟိုခံစစ်မှူး ဘန်ဒေဗီးစ်က ၂၀၂၁ခုနှစ် ဇန်နဝါရီ အပြောင်းအရွှေ့ကမှ ပရက်စတန်ကနေ လီဗာပူးထံ ပြောင်းရွှေ့ကြေး ယူရို ၁.၈၅သန်းနဲ့ ရောက်ရှိလာသူ ဖြစ်ပြီး အသင်းအတွက် တရားဝင်ပွဲ ၁ပွဲမှ ပါဝင် ကစားပေးခွင့် မရခဲ့ပါဘူး။

ဒါပေမယ့် ရိန်းဂျားက ဘန်ဒေးဗီးစ် တယောက် လီဗာပူးကနေ ရှက်ဖီးလ် ယူနိုက်တက်ဆီ အငှားနဲ့ သွားရောက် ကစားခဲ့စဉ်မှာ ပြသခဲ့တဲ့ ခြေစွမ်းကောင်းတွေကို သဘောကျတာကြောင့် အခုလိုမျိုး အားကိုးတကြီးနဲ့ ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Mirror

နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ရိန်းဂျားက ဘန်ဒေးဗီးစ်ကို ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၃သန်း + အပိုဆုကြေး ပေါင် ၁သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပြီး မကြာခင်မှာပဲ ဘန်ဒေဗီးစ်ရဲ့ အပြောင်းအရွှေ့ကို တရားဝင် ကြေညာဖွယ် ရှိကြောင်း သိရပါတယ်။