ဂျုဗင်တပ်စ်အသင်းရဲ့ ဝေးလ်စ်ကွင်းလယ်ကစားသမား အာရွန်ရမ်ဆေးဟာ လာမယ့်နွေရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာ ဂျုဗင်တပ်စ်ကနေ ထွက်ခွာပြီး သူရဲ့အသင်းဟောင်း ဖြစ်ခဲ့ဖူးတဲ့ အာဆင်နယ်အသင်းဆီကို ပြန်လည်ပြောင်းရွှေ့ဖို့ စိတ်ဝင်စားမှုတွေ ရှိနေသလို ဒီကစားသမားကိုလည်း ပရီးမီးယားလိဂ် ကလပ်အသင်းများစွာကနေ ပစ်မှတ်ထားလျက်ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Football365

အသက်(၃၀)အရွှယ်ရှိ ဝေးလ်စ်လက်ရွေးစင် ကွင်းလယ်ကစားသမား ရမ်ဆေးဟာ လွန်ခဲ့တဲ့ ၂၀၁၉ခုနှစ်ကမှ အာဆင်နယ်ကနေ ဂျုဗင်တပ်စ်အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး ဂျုဗင်တပ်စ်မှာ တစ်ပတ်ကို ပေါင်(၄)သိန်းအထိ ရရှိနေပေမယ့်လည်း ဒဏ်ရာပြသာနာတွေ နည်းပြအပြောင်းအလဲတွေကြောင့် ပွဲထွက်ကစားခွင့်တွေ နည်းပါးလွန်းနေရသလို အသင်းကလည်း ဘဏ္ဍာရေးအခြေအနေတွေကြောင့်ပါ လာမယ့်နွေစျေးကွက်မှာ ကစားသမားတချို့ကို ရောင်းထုတ်ဖို့ ပြင်ဆင်လာခဲ့ပြီး ဒီထဲမှာလည်း ရမ်ဆေးလည်း ပါဝင်လာနိုင်ပါတယ်။

Photo Credit : Arsenal

ရမ်ဆေးဟာ ဂျုဗင်တပ်စ်အသင်းသားအဖြစ် ကျင်လည်ခဲ့ရတဲ့ ကာလအတွင်းမှာ အသင်းအတွက် ပြိုင်ပွဲစုံသွင်းဂိုး (၆)ဂိုး ဂိုးဖန်တီးမှုလည်း (၆)ကြိမ်သာ လုပ်ဆောင်ထားနိုင်ခဲ့ပါတယ်။ ပွဲအများစုမှာလည်း ရမ်ဆေးဟာ အရန်ကစားသမားအဖြစ်နဲ့သာ ပါဝင်နေရတာကြောင့် ဒီအခြေအနေကို ကစားသမားကိုယ်တိုင်ကလည်း မနှစ်သက်သလို အသင်းဘက်ကလည်း တစ်ပတ်ကို ပေါင်(၄)သိန်းလောက်အထိ ပေးချေနေရတဲ့ ကစားသမားမျိုးကို အသင်းကနေ ရောင်းထုတ်ပြီး ဘဏ္ဍာရေးအခြေအနေ ပြန်တည်ငြိမ်ဖို့ လုပ်ဆောင်ချင်နေတာကြောင့် လာမယ့်နွေမှာ ရမ်ဆေးကို အသင်းသစ်တစ်သင်းသင်းမှာ မြင်တွေ့လာရဖွယ် ရှိနေတာဖြစ်ပါတယ်။ ဒီလို အခြေအနေရှိနေတဲ့ ရမ်ဆေးဟာ သူရဲ့အသင်းဟောင်း အာဆင်နယ်အသင်းဆီကို ပြန်လည်ပြောင်းရွှေ့ချင်နေတယ်လို့ အပြောင်းအရွှေ့သတင်း ဂုရုကြီးဖြစ်တဲ့ ဖာဘရီဇီယိုရိုမာနိုက ထုတ်ဖော်ပြောဆိုထားပါတယ်။ ဒါပေမယ့် အာဆင်နယ်ဘက်က သူတို့ကစားသမားဟောင်း လက်ရှိ ရရှိနေတဲ့ လစာပမာဏမျိုးကို ပေးချေနိုင်မှာ မဟုတ်တဲ့အတွက် ရမ်ဆေးအနေနဲ့ အသင်းဟောင်းနဲ့ ပြန်လည်လက်တွဲချင်တယ်ဆိုရင် လစာလျှော့ယူပေးဖို့တော့ လိုအပ်မှာဖြစ်ပါတယ်။ ရမ်ဆေးဟာ အာဆင်နယ်အသင်းဆီကို ၂၀၀၈ခုနှစ်ကတည်းက ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့ ဆယ်စုနှစ်တစ်ခုအကြာထိ ဖြတ်သန်းခဲ့သူလည်း ဖြစ်ပါတယ်။