အာဆင်နယ်ကြယ်ပွင့်ဟောင်း အာရွန်ရမ်ဆေးဟာ လာမယ့်ရာသီအတွက် Pumas အသင်းရဲ့ ပထမဆုံးခေါ်ယူမှုအဖြစ် မက္ကဆီကိုနိုင်ငံသို့ တရားဝင်ရောက်ရှိသွားပြီ ဖြစ်ပါတယ်။ ဝေးလ်စ်ကစားသမားက အသင်းကိုပြောင်းရွှေ့ဖို့ ဆွဲဆောင်ရာမှာ ဝေးလ်စ်နိုင်ငံနဲ့ အဆက်အစပ်ရှိတဲ့ အသင်းရဲ့နည်းပြငယ် အက်ဖရာအင်ဂျူအာရက်ဇ်က အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
“သူက အရမ်းသြဇာလွှမ်းမိုးနိုင်ခဲ့ပါတယ်။ ကျွန်တော်ဒီကိုရောက်လာရတဲ့ အဓိကအကြောင်းရင်းတွေထဲက တစ်ခုက သူပါပဲ။ သူက အောင်မြင်မှုတွေရရှိထားပြီးသား နည်းပြငယ်တစ်ဦးဖြစ်ပြီး ကျွန်တော်လည်း အသင်းမှာပါဝင်ပြီး ကိုယ့်အခန်းကဏ္ဍကနေ ကစားပြဖို့ စိတ်အားထက်သန်နေပါတယ်” လို့ ရမ်ဆေးက ဆိုပါတယ်။
Photo Credit : Goal
“အခုချိန်မှာတော့ ဒီလိုအသင်းကြီးအတွက် ကစားခွင့်ရဖို့ ဘောလုံးကစားခြင်းကို ပြန်လည်ချစ်မြတ်နိုးဖို့ ဘာလုံးကစားရတာကို ပြန်ပျော်မွေ့ဖို့ပါပဲ။ ကျန်တဲ့အရာတွေအားလုံးကတော့ သူ့အလိုလိုဖြစ်လာပါလိမ့်မယ်။ ကွင်းထဲပြန်ဝင်ဖို့ ကျွန်တော် မစောင့်နိုင်တော့ပါဘူး။” Liga MX နဲ့ ဘယ်လောက်ရင်းနှီးမှုရှိလဲလို့ မေးမြန်းရာမှာတော့ ရမ်ဆေးက မကြာသေးမီက ပွဲစဉ်တွေကို ပြန်လည်ကြည့်ရှုလေ့လာနေပြီး ကစားသမားတွေရဲ့ အရည်အသွေးကို အထင်ကြီးမိတယ်လို့ ဝန်ခံခဲ့ပါတယ်။
“ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း ပွဲတချို့ကို ကျွန်တော်ကြည့်ခဲ့ပြီး တကယ်ကို အထင်ကြီးမိပါတယ်။ ဒီမှာ အရည်အသွေးမြင့် ကစားသမားတွေ အများကြီးရှိပြီး ဒီလိဂ်မှာ ကျွန်တော့်ရဲ့အခန်းကဏ္ဍကနေ ပါဝင်ကစားရမှာကို စိတ်လှုပ်ရှားနေပါတယ်။ လာမယ့် ရက်သတ္တပတ်အနည်းငယ်ကို ကျွန်တော် မျှော်လင့်နေပါတယ်။” လို့ သူက ပြောပါတယ်။
Photo Credit : Goal
ရမ်ဆေးဟာ ကမ္ဘာတစ်ဝန်းက ထင်ရှားတဲ့ကစားသမားတွေကို ခေါ်ယူပြီး တံခါးဖွင့်လာတဲ့ မက္ကဆီကိုလိဂ်ရဲ့ ပထမဆုံး ဝေးလ်စ်ကစားသမား ဖြစ်လာမှာပါ။ အသက်(၃၄)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရမ်ဆေးဟာ သူ့ကို အသက်(၁၆)နှစ်အရွယ်မှာ ပွဲဦးထွက်ခွင့်ပေးခဲ့တဲ့ ကားဒစ်ဖ်စီးတီးအသင်းကနေ ပြောင်းရွှေ့လာတာဖြစ်ပြီး အာဆင်နယ်၊ နော်တင်ဟမ်ဖောရက်စ်၊ ဂျူဗင်တပ်စ်၊ ရိန်းဂျားစ်နဲ့ နိုက်စ်လိုအသင်းတွေမှာ ခြေစွမ်းပြနိုင်ဖို့ အခွင့်အရေးရခဲ့သူလည်း ဖြစ်ပါတယ်။
ရမ်ဆေးဟာ ဒီအပတ်အစောပိုင်းမှာ ဆေးစစ်မှုတွေခံယူဖို့ စီစဉ်ထားပြီး အဲ့ဒီနောက်မှာတော့ အသင်းလေ့ကျင့်ခန်းတွေနဲ့ ပူးပေါင်းကာ ဒီနေ့ ဗုဒ္ဓဟူးနေ့ မှာကစားမယ့် Atlante အသင်းနဲ့ ခြေစမ်းပွဲမှာ ပါဝင်ကစားနိုင်ဖွယ်ရှိပါတယ်။ ဆေးစစ်မှုအောင်မြင်ပြီးတာနဲ့ သူဟာ တစ်နှစ်သက်တမ်းရှိ စာချုပ်ကို တရားဝင်လက်မှတ်ရေးထိုးမှာဖြစ်ပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ လာမယ့်တနင်္ဂနွေနေ့မှာ ကစားမယ့် Leganés နဲ့ပွဲမှာ ပထမဆုံးပွဲထွက်ခွင့် ရရှိနိုင်ဖွယ်ရှိနေပါတယ်။