ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်း ကနေ စီးရီးအေကလပ် ဂျူဗင်တပ်အသင်းထံကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဝေးလ်ကွင်းလယ်လူ အာရွန်ရမ်ဆေးကတော့ သူ့ရဲ့ အသင်းဖော်တစ်ဦးဖြစ်တဲ့ ခရစ္စတီယာနို ရိုနယ်ဒိုဟာ မယုံကြည်နိုင်လောက်အောင် ထူးခြားတဲ့ အားကစားသမား တစ်ယောက် ဖြစ်ပါတယ်လို့ ချီးကျူးပြောဆိုသွားခဲ့ပါတယ်။ အသက်၂၉နှစ်အရွယ် အာရွန်ရမ်ဆေးဟာ ယခုနှစ် ဘောလုံးရာသီအစမှာပ​ဲ ဂျူဗင်တပ်အသင်းထံကို ရောက်ရှိလာခဲ့သူဖြစ်ပြီး ရိုနယ်ဒိုနဲ့ ဆုံတွေ့ရတာ အချိန်မကြာသေးပေမယ့် ရိုနယ်ဒိုရဲ့ လေ့ကျင့်ခန်းလုပ်ဆောင်မှုတွေနဲ့ အနိုင်ရလိုစိတ် ကို အံ့အားသင့်နေရသူ တစ်ဦးဖြစ်ကာ ယခုနှစ် ဘောလုံးရာသီမှာ ရိုနယ်ဒိုနဲ့ အတွဲညီတဲ့ ကစားသမားတွေထဲက တစ်ဦးပါ။

Photo Credit: Ronaldo.com

လက်ရှိမှာတော့ ရမ်ဆေးဟာ ကိုရိုနာဗိုင်းရပ် ပြဿနာကြောင့် အိမ်တွင်းပုန်းနေရပေမယ့် သူ့ရဲ့ပရိသတ်တွေနဲ့ အဆက်အသွယ် မပြတ်သွားစေဖို့ အင်စတာဂရမ်ပေါ်ကနေတဆင့် Live လွှင့် ကာ စကားတွေပြောခဲ့ပြီး အဆိုပါ Liveမှာပဲ ရမ်ဆေးက ရိုနယ်ဒိုဟာ အောင်နိုင်သူတစ်ဦး ဖြစ်တယ်ဆိုပြီး ချီးကျူးပြောဆိုသွားခဲ့တာပါ။ ရိုနယ်ဒိုရဲ့ ထူးခြားတဲ့ လေ့ကျင့်ခန်းဆင်းမှုတွေ အကြောင်းကို ရမ်ဆေးက ” ရိုနယ်ဒိုဟာ အရမ်းကို ထူးခြားတဲ့ ကစားသမားတစ်ဦးပါ။ သူဟာ အမြဲတမ်း Gymကို အရင်ဆုံး ရောက်လေ့ရှိတဲ့သူပါ။ သူဟာ ပုံမှန်လေ့ကျင့်ခန်းတွေ မစခင်မှာ Gymကိုသွားပြီး သူ့ရဲ့ တစ်ကိုယ်ရည် လုပ်လေ့ရှိတဲ့ လေ့ကျင့်ခန်းတွေကို အရင်လုပ်ပါတယ်။ ပြီးတော့မှ သူက ကျွန်တော်တို့နဲ့ လေ့ကျင့်ခန်း လာဆင်းတာပါ။ လေ့ကျင့်ခန်းအစီအစဉ်တွေ ပြီးသွားရင်လဲ သူက အိမ်တန်းမပြန်သေးဘူးဗျ။ တခြားလေ့ကျင့်ခန်းအစီအစဉ်တွေကို ထပ်ပြီး လုပ်လေ့ရှိသူပါ ” လို့ ပြောပြလာခဲ့ပါတယ်။

Photo Credit: Ronaldo.com

ဆက်လက်ပြီး ရမ်ဆေးက ရိုနယ်ဒိုဟာ အမြဲတမ်း အောင်မြင်မှုကို ဆာလောင်နေသူဖြစ်ကာ အနိုင်ရဖို့အတွက်ပဲ တောင်းဆိုနေသူလို့ ဖွင့်ဟ ပြောဆိုလာခဲ့ပါတယ်။ ရိုနယ်ဒိုရဲ့ အနိုင်ရလို စိတ် အပေါ်ကို ရမ်ဆေးက ” သူဟာ အောင်နိုင် သူ တစ်ဦးပါ။ သူက ယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲတိုင်း ကို အနိုင်ရချင်သူပါ။ လေ့ကျင့်ရေးကွင်းမှာ ကစားရတဲ့ ပွဲငယ်လေးတွေမှာတောင် အနိုင်လိုချင်သူပါ။ ပြီးတော့ သူက အမြဲတမ်းလည်း ဂိုးပေါက်ကန်သွင်းတာတွေ ၊ ပြစ်ဒဏ်ဘော ကန်သွင်းတာတွေကို လေ့ကျင့်လေ့ရှိပါတယ်။ သူ့အတွက် သွင်းဂိုးတွေရဖို့က အရေးကြီးတဲ့ အရာတစ်ခုပါ။ သူ ဘယ်လောက်ကြိုးစားလဲ ၊ ဘယ်လောက်ကောင်းလဲဆိုတာကို ကျွန်တော် ရှင်းပြစရာတောင် လိုမယ် မထင်ပါဘူး။ သူဟာ တကယ့်ကို မယုံကြည်နိုင်စရာ အားကစားသမားပါ။ သူက ကမ္ဘာ့ဘောလုံးသမိုင်းရဲ့ အကြီးကျယ်ဆုံး ကစားသမားတွေထဲက တစ်ဦးဆိုတာ ကျိန်းသေပါတယ် ” လို့ ချီးကျူးပြောဆိုသွားခဲ့ပါတယ်။