ဒီနှစ်ဘောလုံးရာသီအကုန်မှာ လီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ကွင်းလယ်ကစားသမား ဝိုင်နယ်ဒန်ဟာ အသင်းနဲ့ သက်တမ်းတိုးဖို့ ဆန္ဒမရှိတော့ပဲ ကလပ်အသင်းသစ် တစ်သင်းဆီကိုသာ ပြောင်းရွှေ့ကစားဖွယ် ရှိနေတာကြောင့် လီဗာပူးလ်အသင်းဘက်ကလည်း ဝိုင်နယ်ဒန်ရဲ့နေရာမှာ ပြန်လည်အစားထိုးဖို့အတွက် ကွင်းလယ်ကစားသမားတစ်ဦးကို ရှာဖွေလျက်ရှိနေရာ ဂျုဗင်တပ်စ်ကွင်းလယ်လူ အာရွန်ရမ်ဆေးကို စိတ်ဝင်စားလျက်ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : SoccerGator

အသက်(၃၀)အရွှယ်ရှိ ဝေးလ်စ်လက်ရွေးစင် ကွင်းလယ်ကစားသမား ရမ်ဆေးဟာ အာဆင်နယ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာ ဆယ်စုနှစ်တစ်ခုလောက်အထိကို ကျင်လည်ခဲ့ဖူးတဲ့ အတွေ့အကြုံရှိ ကစားသမားတစ်ယောက်ဖြစ်ပြီး ၂၀၁၉ခုနှစ်ကမှ ဂျုဗင်တပ်စ်အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိခဲ့တာဖြစ်ပါတယ်။ ရမ်ဆေးဟာ ကွင်းလယ်ကစားသမားတွေ အများအပြားရှိနေတဲ့ ဂျုဗင်တပ်စ်အသင်းမှာ ပုံမှန်နေရာရဖို့ မလွယ်ကူတာကြောင့် သူကျင်လည်ခဲ့ဖူးတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီကိုသာ ပြန်သွားချင်နေပြီး လီဗာပူးလ်အသင်းဘက်ကနေလည်း ရမ်ဆေးရဲ့အခြေအနေကို စောင့်ကြည့်လျက်ရှိနေပါတယ်။

Photo Credit : Daily Star

လီဗာပူးလ်အသင်းဟာ အသင်းမှာ ခြေစွမ်းပြနိုင်တဲ့ နယ်သာလန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဝိုင်နယ်ဒန်ကို လက်မလွတ်ချင်ပေမယ့်လည်း ကစားသမားဘက်က အသင်းနဲ့ လက်တွဲဖြုတ်ပြီး နယ်သာလန်လက်ရွေးစင် နည်းပြဟောင်း ရော်နယ်ကိုးမန်း ကိုင်တွယ်နေတဲ့ ဘာစီလိုနာအသင်းဆီကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတာကြောင့် သူ့နေရာမှာ အစားထိုးဖို့အတွက် ကွင်းလယ်လူတွေကို ရှာဖွေနေရတာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ ဝိုင်နယ်ဒန်နေရာမှာ အစားထိုးဖို့အတွက် ဘရိုက်တန်ကွင်းလယ်လူ ဘစ်ဆူးမား မိုချန်ဂလာဘတ်ကွင်းလယ်လူ ဇာကာရီယာတို့အပြင် အာဆင်နယ်ကစားသမားဟောင်း ရမ်ဆေးကိုပါ ပစ်မှတ်ထားလာခဲ့ပါတယ်။ ရမ်ဆေးကတော့ ဝိုင်နယ်ဒန်နဲ့ အသက်အရွှယ်တူညီတဲ့အပြင် ပရီးမီးယားလိဂ်မှာလည်း နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ဖူးတဲ့ အတွေ့အကြုံကောင်းတွေလည်း ရှိနေပြီး တခြားကစားသမားတွေထက် ပြောင်းရွှေ့ကြေးလည်း နည်းပါးနိုင်တာကြောင့် လီဗာပူးလ်ကို ရောက်ရှိလာနိုင်ပါတယ်။ ဒါပေမယ့် ရမ်ဆေးကို ဝက်စ်ဟမ်းယူနိုက်တက်အသင်းကလည်း ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက် ရှိနေပါတယ်။