ပရီးမီးယားလိဂ် အင်အားကြီးကလပ် အာဆင်နယ်နဲ့ အင်္ဂလန်တို့ရဲ့ ဂိုးသမား ဖြစ်သူ ရမ်စဒဲလ်က သူဟာ မကြာသေးမီကမှ ဆုံးရှုံးခဲ့ရတဲ့ အာဆင်နယ်ရဲ့ နံပါတ်၁ ဂိုးသမား ရာထူးကို ပြန်လည် ရယူဖို့ အတွက် အစွမ်းကုန် ကြိုးစားသွားမယ်လို့ ထုတ်ဖော် ပြောဆိုလာပါတယ်။

အသက် ၂၅နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ဂိုးသမား ရမ်စဒဲလ်က ၂၀၂၁ခုနှစ်မှာ ရှက်ဖီးလ် ယူနိုက်တက် ကနေ အာဆင်နယ်ထံ ပြောင်းရွှေ့ကြေး ယူရို ၂၈သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီးနောက် အသင်းရဲ့ နံပါတ်၁ ဂိုးသမား အဖြစ် ၂နှစ်ကျော်ကြာ လက်စွမ်းပြခဲ့သူပါ။

Photo Credit: Team Talk

ရမ်စဒဲလ်က အာဆင်နယ်ဆီ ရောက်ရှိပြီးနောက် အသင်းနဲ့ လိုက်လျောညီထွေ ဖြစ်အောင် ကစားနိုင်ခဲ့သလို လက်စွမ်းကောင်းတွေလည်း ပြသနိုင်ခဲ့ပေမယ့် အာဆင်နယ်နည်းပြချုပ် အာတီတာက ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ ဘရန့်ဖို့ဒ် ဂိုးသမား ဒေးဗစ် ရာယာကို ခေါ်ယူခဲ့ပါတယ်။

ဒေးဗစ် ရာယာ ရောက်ရှိလာပြီးနောက် ရမ်စဒဲလ်ဟာ အာဆင်နယ်မှာ ပုံမှန် ကစားခွင့် ရဖို့ တိုက်ပွဲဝင်ခဲ့ရသလို မကြာသေးမီကပဲ ဒေးဗစ် ရာယာဟာ ရမ်စဒဲလ်ရဲ့ နံပါတ်၁ ဂိုးသမားရာထူးကို ပုခုံးပြောင်း ရယူကာ တောက်လျှောက် ပွဲထွက် ကစားခွင့် ရခဲ့ပါတယ်။

Photo Credit: Sky Sports

အာဆင်နယ်ရဲ့ နံပါတ်၁ ဂိုးသမားရာထူးကို ဆုံးရှုံးခဲ့ရပြီးနောက် ရမ်စဒဲလ်ရဲ့ အင်္ဂလန် လက်ရွေးစင် ကစားသမားဘဝကပါ ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရပြီး ရမ်စဒဲလ်ကတော့ သူဟာ အင်္ဂလန်နဲ့ အာဆင်နယ် နှစ်သင်းစလုံးမှာ နေရာမပျောက်ချင်တာကြောင့် အာဆင်နယ်ရဲ့ နံပါတ်၁ ဂိုးသမားရာထူးကို ပြန်ရအောင် ကြိုးစားသွားမယ်လို့ ဆိုလာပါတယ်။

ရမ်စဒဲလ်က – “ကျွန်တော်ဟာ အင်္ဂလန်အသင်းမှာ ဆက်လက် ပါဝင်ခွင့် ရဖို့ စိုးရိမ်ရမယ့် အနေအထားကို ရောက်နေပါပြီ။ တကယ်ပြောတာပါ။ ကျွန်တော်က ဒီလိုအခြေအနေမျိုးကို အခုမှပဲ ပထမဦး ကြုံဖူးတာပါ။ (နံပါတ်၁ ဂိုးသမားနေရာ ကနေ ဖယ်ပေးလိုက်ရမှုအား ရည်ရွယ်လျက်) ကျွန်တော်က အသင်းမှာ နေရာပြန်ရချင်ပါတယ်။ ဒါမှသာ ကျွန်တော်က နည်းပြကြီးကို (ဆောက်ဂိတ်) ခေါင်းကိုက်အောင် လုပ်နိုင်မှာပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။