ဝက်ဖိုဒ့်အသင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုတွေ ရှိနေတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်လာပြီးနောက်ပိုင်းမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ပြန်လည်စတင်ဖို့က အနည်းငယ်တွန့်ဆုတ်သွားခဲ့ရသလို ဒီရက်ပိုင်းအတွင်းမှာလည်း နောက်ထပ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်လို့နေတဲ့ ပရီးမီးယားလိဂ် ဘောလုံးသမား(၂)ယောက်ကို ထပ်မံတွေ့ရှိခဲ့ရပြန်ပါတယ်။ ဒီ(၂)ယောက်ထဲမှာ တစ်ယောက်က ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကိုတော့ သေချာမသိရှိရသေးပဲ နောက်ထပ်တစ်ယောက်ကတော့ ဘုန်းမောက်အသင်းရဲ့ လူငယ်ဂိုးသမားလေး အာရွှန်ရမ်စ်ဒဲလ်ဖ်ပဲဖြစ်ပါတယ်။

Photo Credit : Getty Image

အသက်(၂၂)နှစ်အရွှယ်ရှိ အင်္ဂလန်ယူ-၂၁ ဂိုးသမားလေး ရမ်စ်ဒဲလ်ဖ်ဟာ ရှက်ဖီးလူငယ်အသင်းကနေ ပေါ်ထွက်လာခဲ့တဲ့ ကစားသမားလေးတစ်ယောက်ဖြစ်ပြီး ၂၀၁၇ခုနှစ်ကမှ ဘုန်းမောက်ကို ရောက်ရှိလာတာဖြစ်ပါတယ်။ ရမ်စ်ဒဲလ်ဖ်ဟာ ပြီးခဲ့တဲ့ တနင်းလာနေ့တုန်းက စစ်ဆေးချက်အတွင်းမှာ Negative ပြခဲ့ပေမယ့်လည်း နောက်တစ်ကြိမ် ပြန်လည်စစ်ဆေးရာမှာတော့ ကူးစက်ခံထားရတယ်လို့ အဖြေထွက်ပေါ်လာခဲ့ကာ ဒီကူးစက်မှုက စျေးဝယ်စင်တာမှာ စျေးသွားဝယ်ရင်းကနေ ကူးစက်ခဲ့တာဖြစ်နိုင်တယ်လို့ ရမ်စ်ဒဲလ်ဖ်က ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Getty Image

အခုလို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုနဲ့ပတ်သက်ပြီး ရမ်စ်ဒဲလ်ဖ်က”ကျွန်တော်အရမ်းကို တုန့်လှုပ်သွားခဲ့ရတယ်။ ဘယ်သူနဲ့မှလည်း မထိတွေ့ခဲ့ရပဲ နေခဲ့ရာကနေ အခုတော့ ဒီရောဂါပါ ကူးစက်သွားခဲ့ရတယ်။ ကျွန်တော့်ဆီမှာ ဘာလက္ခဏမှလည်း မပြသဘူးဆိုတော့ ကိုယ့်ကိုကိုယ် သာမာန်လူတစ်ယောက်လိုပဲ ခံစားနေမိရာကနေ အခုတော့ ကြောက်လည်းကြောက်နေရ စိုးလည်းစိုးရိမ်နေရတယ်။ ဒီရောဂါ ကူးစက်ခံရတာက မကောင်းဘူးဆိုပေမယ့်လည်း အခုထိ ကျွန်တော့်ဆီမှာ ဘာရောဂါလက္ခဏမှ မပြသေးတာပဲ တော်ပါသေးတယ်။ ကျွန်တော်လည်း တော်တော်ကိုကံဆိုးလို့ ဒီရောဂါကို ကူးစက်မိသွားတယ်ထင်တယ်” လို့ Sun Sport ကို ပြောဆိုသွားခဲ့ပါတယ်။ ရမ်စ်ဒဲလ်ဖ်ဟာ ပရီးမီးယားလိဂ်ပြန်လည်စတင်ဖို့ ပြင်ဆင်နေချိန်အတွင်းမှာပဲ ကိုရိုနာဗိုင်းရပ်စ်ကို ကူးစက်ခံနေရတဲ့ ဒုတိယမြောက် ကစားသမားဖြစ်ပြီး သူမတိုင်ခင်က ဝက်ဖိုဒ့်ကစားသမား မာရီယာပါက ပထမဆုံးကူးစက်ခံခဲ့ရကာ ဒီလိုကူးစက်မှုတွေ ဆက်လက်ဖြစ်နေမယ်ဆိုရင်တော့ ပရီးမီးယားလိဂ်ကို ပြန်လည်စတင်နိုင်ဖို့က ပိုပြီးတော့ကို နောက်ဆုတ်သွားရနိုင်ပါတယ်။