ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်နဲ့ အင်္ဂလန်တို့ရဲ့ အဓိက ဂိုးသမား တဦး ဖြစ်သူ ရမ်စဒဲလ်ကတော့ သူနဲ့ နိုင်ငံတူ ၊ ကလပ်တူ အသင်းဖော် တဦး ဖြစ်တဲ့ ဆာကာဟာ မကြာမီ ကျင်းပတော့မယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစွမ်းပြလိမ့်မယ်လို့ ဟောကိန်းထုတ်သွားခဲ့ပါတယ်။

အသက် ၂၁နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ဘူကာယို ဆာကာက ယခုနှစ် ဘောလုံးရာသီမှာ အာဆင်နယ်ရဲ့ မရှိမဖြစ် ကစားသမား တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်သူ ဖြစ်ပြီး သူဟာ အာဆင်နယ် အတွက် ပြိုင်ပွဲစုံမှာ ၂၀ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၅ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၆ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

Photo Credit: Mirror

သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက ဆာကာဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန် အတွက် အဓိက ကစားသမား ဖြစ်လာလိမ့်မယ်လို့ ထင်ကြေးပေးထားကြပြီး အင်္ဂလန်နဲ့ နီးစပ်သူတွေကလည်း နည်းပြ ဆောက်ဂိတ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆာကာနဲ့ ဟယ်ရီကိန်းတို့ကို အဓိက တိုက်စစ် ကစားသမားတွေ အဖြစ် တည်ကာ ကစားသွားလိမ့်မယ်လို့ ထုတ်ဖော် ပြောကြားထားပါတယ်။

ဆာကာရဲ့ နိုင်ငံတူ ၊ ကလပ်တူ အသင်းဖော် ဖြစ်တဲ့ ရမ်စဒဲလ်ကလည်း ဆာကာဟာ အလားအလာတွေ အများကြီး ရှိတဲ့ ထိပ်တန်း ကစားသမား တဦး ဖြစ်ကြောင်း ချီးကျူးလိုက်သလို ဆာကာဟာ အာဆင်နယ်နဲ့အတူ ပြသထားနိုင်တဲ့ ခြေစွမ်းကောင်းတွေကို အင်္ဂလန်အသင်းဆီ ယူလာကာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစွမ်းပြနိုင်လိမ့်မယ်လို့လည်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Mirror

ရမ်စဒဲလ်က – “ဆာကာက ချစ်ဖို့ကောင်းတဲ့ ကောင်လေး တဦးပါ။ သူက လူတိုင်းကို အချိန်ပေးတတ်တဲ့ ကောင်လေးပါ။ ဒါ့အပြင် သူက အတော်လေးကို အလုပ်ကြိုးစားပါတယ်။ သူက အပတ်တိုင်း ၊ အပတ်တိုင်း အကောင်းဆုံး ကြိုးစားလေ့ ရှိပါတယ်။ သူက လေ့ကျင့်ရေး အစီအစဉ်တွေကိုလည်း ပျက်ခဲပါတယ်။ သူက သူ့အပေါ် ဝေဖန်မှုတွေ အားလုံးကို အားတက်စရာ တခု အဖြစ် သုံးပြီး ကြိုးစားတတ်သူပါ။ ဒါကြောင့် လူတိုင်းက သူ့ကို ချစ်ကြပါတယ်။ သူက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ စမစ်ရိုဝီနဲ့ တွဲပြီး ကျွန်တော်တို့အသင်းကို အကောင်းဆုံး ထမ်းတင်ခဲ့တဲ့ ကစားသမားပါ။ သူက ကြီးမားတဲ့ ဖိအားတွေကိုလည်း ခံနိုင်ရည် ရှိပါတယ်။ ဒီရာသီမှာ သူ့ရဲ့ ခြေစွမ်းကောင်းတွေကို ကျွန်တော်တို့တွေ မြင်တွေ့ပြီးပါပြီ။ ဒါကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း သူက ခြေစွမ်းကောင်းတွေ ဆက်ပြနိုင်မယ်လို့ ယုံကြည်ထားပါတယ်။ သူ ခြေစွမ်းပြတာကို ကြည့်ဖို့လည်း မစောင့်နိုင်တော့ပါဘူး” ဆိုပြီး ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။