ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်အသင်းရဲ့ နံပါတ်တစ် ဂိုးသမား ဖြစ်သူ ရမ်စဒယ်ကတော့ ယခု ကြားရက်မှာ ယှဉ်ပြိုင် ကစားရမယ့် မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ပွဲစဉ် အတွက် အဆင်သင့်ပဲလို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

အသက် ၂၃နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ဂိုးသမား ရမ်စဒယ်ဟာ ယခုနှစ် ဘောလုံးရာသီ အစကမှ ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားတဲ့ ရှက်ဖီးလ် ယူနိုက်တက်အသင်း ကနေ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၂၈သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူပါ။

Photo Credit: The Sun

ကနဦးမှာ ဂျာမဏီ လက်ရွေးစင် ဂိုးသမား တဦး ဖြစ်သူ လေနို ရှိနေရက်နဲ့ တန်းဆင်းသွားတဲ့ အသင်းက ဂိုးသမားကို ခေါ်ယူခဲ့တဲ့ အတွက် အာဆင်နယ်အသင်းရဲ့ နည်းပြ အာတီတာနဲ့ အားကစား ဒါရိုက်တာ အီဒူးတို့အပြင် ရမ်စဒယ်ကပါ ပြင်းထန်တဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် ရမ်စဒယ်က သူ့အပေါ် ဝေဖန်မှုတွေဟာ မှားယွင်းကြောင်းကို သက်သေပြနိုင်ခဲ့ပါတယ်။

ရမ်စဒယ်ဟာ အာဆင်နယ်အသင်းဆီ စတင် ရောက်ရှိတဲ့ အချိန်ထဲက အသင်းရဲ့ နံပါတ်တစ် ဂိုးသမား ဖြစ်လာသလို ယခုနှစ် ပရီးမီးယားလိဂ် ဘောလုံးရာသီမှာလည်း ၁၀ပွဲ ပါဝင် ကစားထားရာ ၆ပွဲ အထိ ပေးဂိုးမရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ပေးဂိုးကလည်း ၈ဂိုးသာ ရှိခဲ့ပါတယ်။

Photo Credit: The Sun

လာမယ့် ကြာသပတေးနေ့မှာတော့ ရမ်စဒယ်ဟာ ဘောလုံးသမိုင်း တလျှောက် အကောင်းဆုံး တိုက်စစ်မှူး သုံးဦးထဲက တဦး အဖြစ် သတ်မှတ်ခံထားရတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဝါရင့် တိုက်စစ်မှူး ရိုနယ်ဒိုနဲ့ ရင်ဆိုင်ရဖို့ ရှိနေပြီး ရမ်စဒယ်ကတော့ ရိုနယ်ဒိုနဲ့ ပြိုင်ဘက်အဖြစ် ရင်ဆိုင်ဖို့ဟာ သူ့ရဲ့ အိမ်မက်တခု ဖြစ်ကြောင်းနဲ့ ရိုနယ်ဒိုကို ရင်ဆိုင်ဖို့ အဆင်သင့် ဖြစ်နေကြောင်း ထုတ်ဖော် ပြောကြားလာပါတယ်။

ရမ်စဒယ်က – “ရိုနယ်ဒိုနဲ့ ရင်ဆိုင်ရတော့မယ် ဆိုတဲ့ အသိက အတော်လေးကို ထူးဆန်းပါတယ်။ အဲ့ဒါက အမှန်တကယ် ဖြစ်လာဖို့လည်း မျှော်လင့်ထားပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ရိုနယ်ဒိုက ကျွန်တော့်ရဲ့ အရည်အချင်းကို စမ်းသပ်နိုင်တဲ့လူ ဖြစ်နေလို့ပါ။ တခါတလေတော့ ဂိုးသမား တယောက်က သိပ်မဖမ်းရပဲနဲ့ ပွဲတပွဲကို အေးအေးဆေးဆေး ဖြတ်ကျော်ချင်ကြပါတယ်။ ဒါပေမယ့် တကယ့် ထိပ်တန်း ကစားသမားတွေနဲ့ ပြိုင်ဘက် အဖြစ် ရင်ဆိုင်နေရတဲ့ အချိန်က ပိုကောင်းပါတယ်။ ကျွန်တော်က ရိုနယ်ဒိုနဲ့ ရင်ဆိုင်ဖို့ အစွမ်းကုန် ပြင်ဆင်ထားပြီး အဆင့်သင့်လည်း ဖြစ်နေပါပြီ” လို့ ပြောကြားသွားခဲ့တာပါ။