ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချယ်လ်ဆီးနဲ့ အာဆင်နယ်တို့ရဲ့ လန်ဒန်ဒါဘီမှာတော့ ချန်ပီယံလိဂ်ဝင်ခွင့် အတွက် ရမှတ်တွေ လိုအပ်နေတဲ့ အာဆင်နယ်က အဝေးကွင်းမှာ ချယ်လ်ဆီးကို ၂-၄ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

ချယ်လ်ဆီးနဲ့ အာဆင်နယ်တို့ နှစ်သင်းစလုံးဟာ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ အတွက် ရမှတ်တွေ စုဆောင်းနိုင်ဖို့ လိုအပ်နေတာကြောင့် သူတို့နှစ်သင်း ထိပ်တိုက် တွေ့ဆုံတဲ့ ပွဲစဉ်က နှစ်သင်းစလုံး အတွက် အရေးပါခဲ့ပြီး ဧည့်သည် အာဆင်နယ်က အကယ်ဒမီထွက် လူငယ် ကစားသမားတွေ ဖြစ်ကြတဲ့ ဆာကာ ၊ စမစ်ရိုဝီနဲ့ အန်ခီးတီးယားတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ချယ်လ်ဆီးကို ၂-၄ ဆိုတဲံ ရလဒ်နဲ့ ဂိုးပြတ်နိုင်ပွဲ တပွဲ ရရှိသွားခဲ့ပါတယ်။

Photo Credit: Standard

ချယ်လ်ဆီးရဲ့ စတမ်းဖို့ဒ်ဘရေ့ချ်ကွင်းမှာ ယှဉ်ပြိုင် ကစားခဲ့ကြတဲ့ ပွဲစဉ်မှာ နှစ်သင်းစလုံးရဲ့ ခြေစွမ်းပိုင်းက အားရစရာ ကောင်းလောက်တဲ့ အနေအထား အထိ မရှိခဲ့ပေမယ့် အိမ်ရှင်ချယ်လ်ဆီးရဲ့ ကစားသမားတွေက အမှားအယွင်းတွေ ပိုမို ကျူးလွန်ခဲ့ကြပြီး အာဆင်နယ်ဘက်က ရရှိသွားတဲ့ ဦးဆောင်ဂိုးနဲ့ တတိယသွင်းဂိုး နှစ်ဂိုးစလုံးဟာ ချယ်လ်ဆီး ကစားသမားတွေရဲ့ ဘောလုံးပေးပို့မှု အမှားအယွင်းတွေ ကနေ ရရှိသွားခဲ့တာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ချယ်လ်ဆီး ၂-၄ အာဆင်နယ် ပွဲစဉ်မှာ နှစ်ဖက် ဂိုးသမားတွေ ဖြစ်ကြတဲ့ မန်ဒီနဲ့ ရမ်စဒယ်တို့က နှစ်ယောက်ပေါင်းပြီး ဂိုးပေါက် ကာကွယ်မှု တကြိမ်မှတောင် မလုပ်နိုင်ခဲ့ကြကြောင်းလည်း အံ့အားသင့်ဖွယ် သိရှိရပါတယ်။

 

 

 

Photo Credit: Standard

အဆိုပါပွဲစဉ်မှာ ချယ်လ်ဆီးနဲ့ အာဆင်နယ် နှစ်သင်းပေါင်း ဂိုးပေါက် ခြိမ်းခြောက်မှု ၂၅ကြိမ် အထိ ရှိခဲ့ပေမယ့် ဂိုးပေါက်တည့် ကန်ချက် အရေအတွက်က စုစုပေါင်း ၆ကြိမ်သာ ရှိခဲ့ကာ အဆိုပါ ၆ကြိမ်စလုံးက သွင်းဂိုးတွေ အဖြစ် ပြောင်းလဲသွားခဲ့တာပဲ ဖြစ်ပါတယ်။

ဒါကြောင့် ချယ်လ်ဆီး ၂-၄ အာဆင်နယ်ပွဲမှာ မန်ဒီနဲ့ ရမ်စဒယ်တို့ရဲ့ လက်စွမ်းပိုင်းက အားရစရာ မကောင်းခဲ့ပဲ ချယ်လ်ဆီးနည်းပြ တူဟယ်လ်နဲ့ အာဆင်နယ်နည်းပြ အာတီတာတို့က လာမယ့်ပွဲစဉ်တွေမှာ အရန်ဂိုးသမားတွေ ဖြစ်တဲ့ ကီပါနဲ့ လေနိုတို့ကို ပွဲထွက်ခွင့် ပေးဖို့ စဉ်းစားသင့်ပြီလို့ ထင်မြင်မိပါကြောင်း တင်ပြလိုက်ပါတယ်။