ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ရဲ့ နံပါတ်တစ် ဂိုးသမား ဖြစ်သူ ရမ်စဒဲလ်ကတော့ သူတို့အသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ အကောင်းဆုံး ခြေစွမ်းတွေနဲ့အတူ နိုင်ပွဲတွေ ရအောင် တပွဲချင်းစီ အာရုံစိုက် ကြိုးပမ်းနေပေမယ့် အသင်းရဲ့ အဓိကပစ်မှတ်က ယူရိုပါလိဂ် ဆုဖလားကို အရယူနိုင်ဖို့ ဖြစ်ကြောင်း ကြုံးဝါး ပြောဆိုသွားခဲ့ပါတယ်။

အသက် ၂၄နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ဂိုးသမား ရမ်စဒဲလ်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ရှက်ဖီးလ် ယူနိုက်တက် ကနေ အာဆင်နယ်ထံ ပြောင်းရွှေ့လာခဲ့ပြီးနောက် အသင်းရဲ့ နံပါတ်တစ် ဂိုးသမားနေရာကို အမိအရ သိမ်းပိုက်နိုင်ခဲ့သူ ဖြစ်ပါတယ်။

Photo Credit: Goal

ရမ်စဒဲလ်က အာဆင်နယ်ရဲ့ နံပါတ်တစ် ဂိုးသမား ဖြစ်လာပြီးနောက် သူ့ရဲ့ လက်စွမ်းတွေနဲ့ အသင်းကို အကောင်းဆုံး ကူညီထားနိုင်သလို သူ့ရဲ့ ဘောလုံးပေးပို့မှု စွမ်းရည်ကြောင့်လည်း အာဆင်နယ်ရဲ့ ကစားပုံဟာ အတော်လေးကို တိုးတက် ကောင်းမွန်လာခဲ့ပြီး ယခုနှစ် ဘောလုံးရာသီမှာ ဆိုရင် အာဆင်နယ်က ပရီးမီးယားလိဂ်ပွဲ ၅ပွဲ ယှဉ်ပြိုင် ကစားထားရာ ၅ပွဲစလုံးကို အနိုင်ရထားကာ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက်ပါ ရေပန်းစားလာခဲ့ပါတယ်။

ဒါပေမယ့် ရမ်စဒဲလ်ကတော့ သူတို့အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ချိန်ရွယ်ထားခြင်း မရှိသေးပဲ တပွဲချင်းစီကိုသာ အနိုင်ရအောင် ကြိုးစားနေပြီး သူတို့ရဲ့ အဓိက ပစ်မှတ်ဟာ ယူရိုပါလိဂ် ဆုဖလားကို သိမ်းပိုက်နိုင်ဖို့သာ ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Goal

ရမ်စဒဲလ်က – “ကျွန်တော်တို့ရဲ့ အဝတ်လဲခန်းထဲမှာတော့ တယောက်ကို ရည်မှန်းချက် တမျိုးစီ ရှိကြလိမ့်မယ် ထင်ပါတယ်။ ဒါပေမယ့် အားလုံးအတွက် တူညီတဲ့ အရာတခုက အားလုံးဟာ တပွဲချင်းစီကိုပဲ အာရုံစိုက်နေကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အသင်းရဲ့ ကစားသမား အများစု အတွက် ဥရောပပြိုင်ပွဲဟာ (ယူရိုပါလိဂ်ပြိုင်ပွဲ) အတွေ့အကြုံသစ် တခုပါ။ ပြီးတော့ ကျွန်တော့်ရဲ့ တဦးထဲ အမြင်အရ ကျွန်တော်တို့ အတွက် အရေးအကြီးဆုံးနဲ့ နံပါတ်တစ် ပစ်မှတ်က ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ပါပဲ။ ဘာကြောင့် ကျွန်တော်တို့က ယူရိုပါလိဂ်ဖလားကို အရမယူနိုင်ရမှာလဲ။ ဆုဖလားက ဆုဖလားပါပဲ။ ပြီးတော့ ယူရိုပါလိဂ်ပြိုင်ပွဲက ဥရောပအဆင့်ပြိုင်ပွဲပါ။ ကျွန်တော်က ပြီးခဲ့တဲ့ရာသီမှာ အဆင့်၄နဲ့ နီးစပ်ခဲ့ပါတယ်။ ဒါကြောင့် ဒီနှစ်တော့ ကျွန်တော်တို့က ဆုဖလားအတွက် တိုက်ပွဲဝင်သွားပါမယ်” လို့ ကြုံးဝါး ပြောဆိုသွားခဲ့တာပါ။