ပြင်သစ် လီဂူးဝမ်း အင်အားကြီးကလပ် ပီအက်စ်ဂျီရဲ့ အဓိက နောက်ခံလူ တဦး ဖြစ်သူ ဝါရင့် စပိန်ခံစစ်မှူးကြီး ဆာဂျီယို ရာမို့စ်ကတော့ သူဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် စပိန်အသင်းနဲ့အတူ လိုက်ပါသွားချင်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၆နှစ် အရွယ် စပိန်လက်ရွေးစင် ဗဟိုခံစစ်မှူး ဆာဂျီယို ရာမို့စ်က စပိန်အသင်း အတွက် စုစုပေါင်း ၁၈၀ပွဲ အထိ ပါဝင် ကစားပေးထားပြီး အသင်းရဲ့ သမိုင်းတလျှောက် ပွဲအများဆုံး ကစားပေးထားတဲ့ ကစားသမား အဖြစ် မှတ်တမ်းဝင်ထားပေမယ့် ဒဏ်ရာပြဿနာတွေကြောင့် ပြီးခဲ့တဲ့နှစ် မတ်လမှ စတင်ကာ စပိန်အသင်း အတွက် ရွေးချယ်ခြင်း မခံရတော့ပါဘူး။

Photo Credit: Dairo AS

ဒါပေမယ့် ရာမို့စ်က ယခုနှစ် ဘောလုံးရာသီမှာတော့ သူ့ရဲ့ အကောင်းဆုံးခြေစွမ်းနဲ့ ကြံ့ခိုင်မှုကို ပြန်လည် ရရှိနေပြီး ပီအက်စ်ဂျီ အတွက် ယခုနှစ်ရာသီမှာ ပြိုင်ပွဲစုံ ၁၇ပွဲ အထိ ပါဝင် ကစားပေးထားသလို သွင်းဂိုး ၁ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ကြိမ်ပါ ရရှိထားပါတယ်။

ဒါကြောင့်ပဲ ဆာဂျီယို ရာမို့စ်က ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စပိန်အသင်းကို ဦးဆောင်ခွင့် ရဖို့ မျှော်လင့်နေပြီး ရာမို့စ်က သူဟာ စပိန်အသင်းရဲ့ ခေါ်ယူမှုကို စောင့်ဆိုင်းနေကြောင်းနဲ့ စပိန်နည်းပြ အင်းနရစ်ဟာ သူ့ရဲ့ ခြေစွမ်းကို သဘောကျမယ်လို့ ထင်ကြောင်း ဂျူဗင်တပ်နဲ့ ပီအက်စ်ဂျီတို့ရဲ့ ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

Photo Credit: Dairo AS

ဆာဂျီယို ရာမို့စ်က – “ကျွန်တော့်အတွက် လက်ရွေးစင်အသင်းမှာ ပါဝင် ကစားခွင့် ရပြီး ခံစစ်ကြောင်းကို ဦးဆောင် ကစားခွင့်ရတာဟာ ဘယ်လောက်အထိ အရေးပါလဲ ဆိုတာကို လူတိုင်း သိကြပါတယ်။ ကျွန်တော်က ခက်ခဲတဲ့ ဘောလုံးရာသီ တခုနဲ့ ရင်ဆိုင်ခဲ့ရတာ မှန်ပါတယ်။ ဒါပေမယ့် အခု ကျွန်တော်က ပြန်အဆင်ပြေနေပါပြီ။ ကျွန်တော်က ဘောလုံး ကစားခွင့် ရနေသလို စပိန်အသင်း အတွက် ပြန်ကစားပေးဖို့ အဆင်သင့်ပါပဲ။ ဒါကြောင့် ကျွန်တော်ကတော့ စပိန်အသင်းရဲ့ လူစာရင်းထဲ ပြန်ပါနိုင်ဖို့ မျှော်လင့်ထားပါတယ်။ ကျွန်တော်က ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ချင်ပါတယ်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။