ပြင်သစ် အင်အားကြီးအသင်း ဖြစ်တဲ့ ပီအက်စ်ဂျီအသင်းရဲ့ ဝါရင့် စပိန်နောက်ခံလူ ဆာဂျီယို ရာမို့စ် ကတော့ ချန်ပီယံလိဂ် ၁၆သင်းအဆင့်မှာ ထိပ်တိုက် တွေ့ဆုံမယ့် သူ့ရဲ့ အသင်းဟောင်း ရီးရဲလ်မက်ဒရစ်နဲ့ ပွဲစဉ်မှာ အနိုင်ရရှိအောင် ဘာမဆို လုပ်ဆောင်သွားမယ် လို့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

အသက် ၃၅နှစ် အရွယ် ဝါရင့် စပိန်နောက်ခံလူ ရာမို့စ်ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ ရီးရဲလ်မက်ဒရစ်အသင်း ကနေ ပီအက်စ်ဂျီအသင်းထံ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ကာ ၂နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားသူပါ။

Photo Credit: Goal

ရာမို့စ်ဟာ သူ့ရဲ့ ကစားသမား ဘဝ သက်တမ်း တဝက်နီးပါးကို ရီးရဲလ်မက်ဒရစ် အသင်းရဲ့ အသင်းခေါင်းဆောင် အဖြစ် ဖြတ်သန်းခဲ့သူ ဖြစ်သလို အသင်းနဲ့အတူ အောင်မြင်မှုပေါင်း များစွာ ရရှိထားတာကြောင့် ရီးရဲလ်မက်ဒရစ်ကို ပြိုင်ဘက်အဖြစ် ရင်ဆိုင်ရတော့မယ့် သူ့အတွက် အဆိုပါပွဲစဉ် နှစ်ပွဲဟာ အတော်လေးကို ထူးခြားမယ့် ပွဲစဉ်တွေလည်း ဖြစ်ပါတယ်။

တဖက်မှာလည်း ရာမို့စ်ဟာ ရီးရဲလ်မက်ဒရစ်အသင်း အတွက် ကစားပေးခဲ့ချိန်မှာ အသင်းအတွက် ဘာမဆို လုပ်ဆောင်ပေးခဲ့တာကြောင့် ယခုတကြိမ် ပြိုင်ဘက်အဖြစ် ကစားရချိန်မှာ သူ့အနေနဲ့ ပီအက်စ်ဂျီအသင်း အတွက် ရာနှုန်းပြည့် အားသွန်ခွန်စိုက် ကစားပေးနိုင်ပါ့မလား ဆိုတာကို မေးခွန်းထုတ်မှုတွေလည်း ရှိနေပါတယ်။

Photo Credit: Goal

အဆိုပါမေးခွန်းထုတ်မှုတွေ အတွက် ရာမို့စ်ကတော့ သူဟာ ရီးရဲလ်မက်ဒရစ် အသင်းကို ချစ်မြတ်နိုးပေမယ့် ယခုအချိန်မှာ ပီအက်စ်ဂျီအသင်းရဲ့ ကစားသမား တဦး ဖြစ်နေတာကြောင့် ပီအက်စ်ဂျီအသင်းက အနိုင်ရရှိအောင် ဘာမဆို လုပ်ဆောင်သွားမယ်လို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

ရာမို့စ်က – “ ကံကြမ္မာက အရမ်းကို ထူးဆန်းလွန်းပါတယ်။ ကျွန်တော်က ရီးရဲလ်မက်ဒရစ်ထက် အခြားအသင်း တသင်းနဲ့ ပိုပြီး တွေ့ဆုံချင်တာပေါ့။ ကျွန်တော်က ရီးရဲလ်မက်ဒရစ်ကို ဘယ်လောက်ထိ ချစ်လဲ ဆိုတာ ခင်ဗျားတို့လည်း သိကြတာပဲလေ။ ဒါပေမယ့် အခုချိန်မှာ ကျွန်တော့်ရဲ့ တာဝန်က ပီအက်စ်ဂျီအသင်းကို ကာကွယ်ဖို့ပါ။ ဒါကြောင့် ပီအက်စ်ဂျီအသင်း နောက်တဆင့်ဆီ တက်ရောက်နိုင်အောင် ဘာမဆို လုပ်သွားမှာပါ။ ပီအက်စ်ဂျီက ကျွန်တော့်ကို ယုံကြည်မှု ပေးခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်က ပီအက်စ်ဂျီအသင်း အတွက် အသက်ပဲ ပေးရ ပေးရ ၊ ပေးဆပ်သွားမှာပါ” လို့ ပြောကြားသွားခဲ့တာပါ။