လက်ရှိ ဉရောပ ဘောလုံးပြိုင်ပွဲတွေရဲ့ အကောင်းဆုံး ခံစစ်မှူးတေွ အကြောင်းကို ပြောကြမယ် ဆိုရင် ရီးရဲလ်မက်ဒရစ် အသင်းရဲ့ အသင်းခေါင်းဆောင် ရာမို့စ်နဲ့ လီဗာပူးအသင်းရဲ့ အဓိက ခံစစ်မှူး ဗန်ဒိုက် တို့ကို မေ့ထားလို့ မရပါဘူး။ ဒီတစ်ခါမှာတော့ ကျွန်တော်က ထိတ်ထိတ်ကြဲ ခံစစ်မှူး နှစ်ဦးရဲ့ ကစားသမား ဘဝမှာ ရင်ဆိုင်ရ အခက်ခဲဆုံး တိုက်စစ်မှူးတွေ ကို ဖော်ပြ ပေးသွားမှာပဲ ဖြစ်ပါတယ်။ တွစ်တာပေါ်မှာ ပြုလုပ်ခဲ့တဲ့ အမေးအဖြေ ကဏ္ဏတစ်ခုမှာ ဗန်ဒိုက်နဲ့ ရာမို့စ်တို့ကို ကစားသမားဘဝမှာ ရင်ဆိုင်ရ အခက်ခဲဆုံး တိုက်စစ်မှူးတွေဟာ ဘယ်သူတွေလဲလို့ မေးမြန်းခဲ့တာ ဖြစ်ပြီး ကစားသမား နှစ်ဦးစလုံး ရွေးချယ်ခဲ့တဲ့ ကစားသမားတွေဟာ တူညီခြင်း မရှိခဲ့ပါဘူး။

Photo Credit: Marca

လီဗာပူးအသင်းနဲ့ နယ်သာလန် အသင်းတို့ရဲ့ မရှိမဖြစ် ခံစစ်မှူး တစ်ဦးလို့ ပြောလို့ရတဲ့ ဗန်ဒိုက်ကတော့ သူ့အတွက် ရင်ဆိုင်ရ အခက်ခဲဆုံး တိုက်စစ်မှူးကို ရွေးချယ်ရာမှာ ခေါင်းစဉ် နှစ်မျိုးနဲ့ ရွေးချယ် သွားခဲ့ပြီး ပထမ ခေါင်းစဉ်ကတော့ အသန်မာဆုံး ပြိုင်ဘက် တိုက်စစ်မှူးဖြစ်ကာ ဒုတိယ ခေါင်းစဉ်ကတော့ ရင်ဆိုင်ရ အခက်ခဲဆုံး ပြိုင်ဘက် တိုက်စစ်မှူးပဲ ဖြစ်ပါတယ်။ ဗန်ဒိုက်ဟာ အသန်မာဆုံး ပြိုင်ဘက် တိုက်စစ်မှူး အဖြစ် မန်စီးတီးအသင်းရဲ့ ဝါရင့် အာဂျင်တီးနား တိုက်စစ်မှူး အဂူရိုကို ရွေးချယ်ခဲ့ပြီး ရင်ဆိုင်ရ အခက်ခဲဆုံး ပြိုင်ဘက် တိုက်စစ်မှူးအဖြစ် ဘာစီလိုနာအသင်းရဲ့ မရှိမဖြစ် အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီကို ရွေးချယ် သွားခဲ့ပါတယ်။

Photo Credit: Marca

ရီးရဲလ်မက်ဒရစ် အသင်းနဲ့ စပိန် လက်ရွေးစင် အသင်းတို့ရဲ့ အသင်းခေါင်းဆောင် ဖြစ်တဲ့ ရာမို့စ် ကတော့ သူ့ရဲ့ ကစားသမား ဘဝမှာ ရင်ဆိုင်ရ အခက်ခဲဆုံး တိုက်စစ်မှူးဟာ ဘယ်သူလဲ ဆိုတာကို ပြောပြသွားခြင်း မရှိပဲ ရော်နယ်ဒင်ဟို ၊ အီဘရာဟီမိုဗစ်နဲ့ အီတူးတို့ဟာ သူ့ကို ဒုက္ခပေးနိုင်ခဲ့တယ် လို့ ဆိုပါတယ်။ ရာမို့စ်က “ရော်နယ်ဒင်ဟိုဟာ သူ့ရဲ့ အကောင်းဆုံး အချိန်မှာ တိုက်စစ်မှူးအဖြစ်ပဲ ကစားကစား ၊ ကစားကွက် ဖန်တီးသူ အဖြစ်ပဲ ကစားကစား လုံးဝကို ရပ်တန့်လို့ မရတဲ့ ကစားသမား တစ်ဦးပါ။ ပြီးတော့ အီတူးနဲ့ အီဘရာဟီမိုဗစ်တို့ ကလည်း ကျွန်တော့်ကို ဒုက္ခရောက်စေခဲ့တဲ့ တိုက်စစ်မှူးတွေပါ။ အထူးသဖြင့် အီဘရာဟီမိုဗစ်က သူ့ရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံ ၊ လျင်လျင်မြန်မြန်နဲ့ ဂိုးသွင်းယူနိုင်တဲ့ စွမ်းရည် ၊ ဖနောင့်နဲ့ ဂိုးသွင်းယူနိုင်တဲ့ စွမ်းရည်တွေကြောင့် သူ့ကို ထိန်းချုပ်ဖို့ဟာ အတော်ကို ခက်ခဲပါတယ်” ဆိုပြီး ပြောကြားခဲ့ပါတယ်။