ပြီးခဲ့တဲ့ ဆွတ်ဇာလန်အသင်းနဲ့ ကစားခဲ့တဲ့ UEFA Nations League ပွဲစဉ်အတွင်း အသင်းအတွက် ပင်နယ်တီကန်သွင်းမှုကို (၂)ကြိမ်တိုင်တိုင် လွဲချော်ခဲ့ရတဲ့ စပိန်လက်ရွေးစင်နောက်ခံကစားသမား ဆာဂျီယိုရာမို့စ်ကတော့ သူအနေနဲ့ ပင်နယ်တီလွဲချော်မှုတွေ ဖြစ်ခဲ့ရပေမယ့်လည်း ပင်နယ်တီကန်သွင်းမှုကနေ ရပ်တန့်သွားမှာမဟုတ်ပဲ ဆက်လက်ကန်သွင်းနေဦးမှာဖြစ်သလို စပိန်လက်ရွေးစင် ကစားသမားဘဝကနေ အနားယူသွားဖို့ မစဉ်းစားသေးဘူးလို့လည်း ထုတ်ဖော်ပြောဆိုလို့သွားခဲ့ပါတယ်။

Photo Credit : Metro

အသက်(၃၄)နှစ်အရွှယ်ရှိ စပိန်နောက်ခံကစားသမားရာမို့စ်ဟာ စပိန်အသင်းအတွက် ပွဲပေါင်း(၁၇၇)ပွဲအထိကို ပါဝင်ထားခဲ့သူဖြစ်ပြီး ဆွတ်ဇာလန်နဲ့ တစ်ဖက်ကို တစ်ဂိုးစီ သရေကျခဲ့တဲ့ Nations League ပွဲစဉ်မှာပဲ ဥရောပဘောလုံးနယ်ပယ်အတွင်း နိုင်ငံလက်ရွေးစင်အသင်းအတွက် အများဆုံးကစားနိုင်ခဲ့သူအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ရတာဖြစ်ပါတယ်။ ဒီလို သူ့အတွက် အမှတ်တရဖြစ်စေနိုင်မယ့် ပွဲစဉ်အတွင်းမှာ ရာမို့စ်ဟာ ပင်နယ်တီကန်ခွင့် (၂)ကြိမ်ထိကို ပိုင်ဆိုင်ခဲ့ပေမယ့်လည်း ဒီအခွင့်အရေးတွေကို အကောင်းဆုံးအသုံးမချနိုင်ခဲ့တာကြောင့် သူရဲ့စပိန်အသင်းလည်း နိုင်ပွဲပျောက်ဆုံးခဲ့ရပါတယ်။

Photo Credit : Goal

ပင်နယ်တီလွဲချော်မှုတွေနဲ့ပတ်သက်ပြီး ရာမို့စ်က “နောက်ထပ်ပင်နယ်တီကန်ခွင့်တွေ ထပ်ရှိနေဦးမယ်ဆိုရင် ကျွန်တော်ကန်သွင်းဦးမှာ သေချာပါတယ်။ အသေအချာကို ကန်ဦးမှာပါ” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ နောက်ပြီး ရာမို့စ်က “ဘူဖွန်လို ဂန္တဝင်ကစားသမားကြီးတစ်ယောက် တင်ရှိထားခဲ့တဲ့ စံချိန်မှတ်တမ်းကောင်းတစ်ခုကို ကျော်ဖြတ်လိုက်ရတာက အရမ်းကို ဂုဏ်ယူစရာကောင်းလွန်းပါတယ်။ ငါရဲ့ခံစားချက်တွေ ကောင်းမွန်နေသေးသမျှတော့ ရှေ့ဆက်နေဦးမှာပဲ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ အခုလို နိုင်ငံအသင်းအတွက် ပွဲပေါင်း(၁၇၇)ပွဲအထိ ပါဝင်ကစားနိုင်ခဲ့တဲ့ စပိန်နောက်ခံလူရာမို့စ်ဟာ ဥရောပမှာဆိုရင်တော့ နိုင်ငံအသင်းအတွက် ပွဲအများဆုံး ပါဝင်ကစားနိုင်ခဲ့သူအဖြစ် သတ်မှတ်ခံခဲ့ရသလို ကမ္ဘာ့ဘောလုံးဇာတ်ခုံမှာဆိုရင်တော့ မက္ကဆီကိုအသင်းသား ကလော်ဒီယိုဆွာရက်ဇ်နဲ့အတူ အဆင့်(၅)နေရာမှာ ပူးတွဲရပ်တည်လို့နေပါတယ်။ တကယ်လို့ ရာမိုပစ်အနေနဲ့ ဂျာမနီအသင်းနဲ့ ရင်ဆိုင်ရမယ့် UEFA Nations League အုပ်စုနောက်ဆုံးပွဲစဉ်မှာပါ စပိန်အသင်းအတွက် ပါဝင်လာခဲ့မယ်ဆိုရင်တော့ ပွဲပေါင်း(၁၇၈)ပွဲနဲ့ အဆင့်(၃)နေရာအထိ တတ်လှမ်းနိုင်မှာဖြစ်ပါတယ်။ လက်ရှိ ကမ္ဘာ့ဘောလုံးလောကအတွင်း နိုင်ငံအသင်းအတွက် ပွဲအများဆုံး ကစားထားခဲ့သူကတော့ အီဂျစ်ကစားသမား အာမတ်ဟူစိန်ဖြစ်ပြီး ပွဲပေါင်း(၁၈၄)ပွဲအထိ ကစားထားတာဖြစ်ပါတယ်။