စပိန် လာလီဂါ အင်အားကြီး အသင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ အသင်းခေါင်းဆောင် ဖြစ်တဲ့ ရာမို့စ်ဟာ France Football မဂ္ဂဇင်းက ပြုလုပ်ခဲ့တဲ့ ကမ္ဘာ့ဘောလုံး သမိုင်းမှာ အကောင်းဆုံး နောက်ခံလူ ဆိုတဲ့ စစ်တမ်း တစ်ရပ်မှာ သမိုင်းတစ်လျှောက် အကောင်းဆုံး နောက်ခံလူအဖြစ် သတ်မှတ် ခံခဲ့ရကြောင်း သိရပါတယ်။ အသက် ၃၄နှစ် အရွယ် စပိန် နောက်ခံလူ ရာမို့စ်ဟာ ရီးရဲလ်မက်ဒရစ် အသင်း၊ စပိန်လက်ရွေးစင် အသင်းတို့နဲ့အတူ ဆုဖလားပေါင်း များစွာကို ရယူထားနိုင်သလို အခြားနောက်ခံလူတွေနဲ့ မတူတဲ့ အချက်ကတော့ သူဟာ သွင်းဂိုးတွေ သွင်းယူရာမှာ ထူးချွန်သူ ဖြစ်ပြီး လာလီဂါပြိုင်ပွဲ သမိုင်းမှာလည်း ဂိုးသွင်း အများဆုံး နောက်ခံလူ အဖြစ် မှတ်တမ်း ဝင်ထားသူ တစ်ဦးပါ။

Photo Credit: Sportbible

ဒါ့အပြင် ရာမို့စ်ဟာ လက်ရှိ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ မရှိမဖြစ် ကစားသမားဖြစ်ပြီး သူမပါတဲ့ ပွဲစဉ်တွေမှာ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ခံစစ်ကြောင်းဟာ အတော်လေး ဆိုးရွားနေတာကို ကြားရက်မှာ ကစားခဲ့တဲ့ ရှက်တာဒိုးနက်အသင်းနဲ့ ပွဲစဉ်မှာ သိသိသာသာ မြင်တွေ့ခဲ့ရပြီး အဆိုပါပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ် အသင်းဟာ ၂-၃ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့ပါတယ်။ အဲ့ဒီနောက် ရာမို့စ် ပြန်လည် ပါဝင်လာခဲ့တဲ့ အယ်ကလပ်စီကို ပွဲစဉ်မှာတော့ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ခံစစ်ကြောင်းဟာ အတော်လေး တောင့်တင်းမှု ရှိခဲ့ပြီး ရာမို့စ်ဟာလည်း ဘာစီလိုနာ အသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်တဲ့ မက်ဆီကို အကောင်းဆုံး ထိန်းချုပ် နိုင်ခဲ့ပါတယ်။ ဒါတင်မကသေးပဲ ရာမို့စ်ဟာ အဆိုပါပွဲစဉ်မှာ အသင်းရဲ့ လူငယ် ကစားသမားတွေ ဖြစ်တဲ့ ဗီနီးဆီးယပ် ၊ အဆန်စီယိုတို့က ကွင်းအတွင်းမှာ အမြဲတမ်းလိုလို အော်ဟစ်ကာ ကြိုးစား ကစားဖို့ တိုက်တွန်းခဲ့တာကိုလည်း မြင်တွေ့ခဲ့ ရပါတယ်။

Photo Credit: Sportbible

France Football က ပြုလုပ်တဲ့ ရာမို့စ်ဟာ ဘောလုံးသမိုင်း တစ်လျှောက် အကောင်းဆုံး နောက်ခံလူလား ဆိုတဲ့ စစ်တမ်းမှာတော့ ဖြေဆိုသူ ၆၁ရာခိုင်နှုန်းဟာ ရာမို့စ်ကို သမိုင်းတစ်လျှောက် အကောင်းဆုံး နောက်ခံလူ အဖြစ် သတ်မှတ်ခဲ့ပြီး ၃၉ရာခိုင်နှုန်း ကတော့ မဟုတ်ကြောင်း ငြင်းဆိုခဲ့ကြပါတယ်။ ဒါ့အပြင် France Football က ရာမို့စ်ဟာ “အသင်းတစ်သင်းမှာ နောက်ခံလူတစ်ဦး အနေနဲ့ မပြုလုပ်နိုင်တဲ့ လွှမ်းမိုးမှုကို ပြုလုပ်နိုင်သူ ၊ ခံစစ်ရော တိုက်စစ်မှာပါ ထူးချွန်မှုက သူ့ရဲ့ ထူးခြားတဲ့ ဝိသေသ ဖြစ်ကြောင်း” ချီးကျူး သွားခဲ့ပါသေးတယ်။ ရာမို့စ်ကတော့ France Football က တင်ခဲ့တဲ့ ရာမို့စ်ဟာ သမိုင်းတစ်လျှောက် အကောင်းဆုံး နောက်ခံလူလား ဆိုတဲ့ စစ်တမ်းပို့စ်ကို Retweet ပြန်လုပ်ကာ အခုလို မေးခံရတာကိုပဲ ဂုဏ်ယူမိနေပါပြီ ဆိုပြီး ပြောခဲ့ပါတယ်။