ရီးရဲလ်အသင်းရဲ့ အသင်းခေါင်းဆောင် ဗဟိုခံစစ်မှူး ရာမို့စ်ကတော့ လက်ရှိရာသီ ပြန်စတင်ပြီ ဆိုရင် ဆုဖလား ရရှိအောင် ကစားသွားမှာ ဖြစ်ပြီး စပိန် လာလီဂါ ဆုဖလား ဒါမှမဟုတ်ရင်လည်း ဥရောပ ချန်ပီယံလိဂ် ဆုဖလား ရယူပြီး လက်ရှိရာသီကို ပြီးဆုံးချင်ပါတယ်လို့ ပြောခဲ့ပါတယ်။ စပိန် လာလီဂါ ပြိုင်ပွဲ နဲ့ ဥရောပ ချန်ပီယံလိဂ် ပြိုင်ပွဲဟာ ကမ္ဘာ့ ကပ်ရောဂါကြီး ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် ပြီးခဲ့တဲ့ လကနေ ရပ်နားခဲ့ရပြီး လက်ရှိရာသီမှာ ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် ကမ္ဘာ တစ်ဝန်းလုံးမှာ သေဆုံးသူ ဦးရေ စုစုပေါင်း (၂၁၇,၀၀၀) အထိတောင် ရှိနေကြပြီ ဖြစ်ပါတယ်။

Photo Credit: Goal

စပိန် လာလီဂါ အသင်းတွေဟာ မကြာခင်မှာ လေ့ကျင့်ရေး ပြန်ဆင်းနိုင်ဖို့ မျှော်လင့်နေကြလျက် ရှိပြီး နောက်ဆုံးရ သတင်းတွေအရ စပိန် လာလီဂါ ပြိုင်ပွဲကို လာမယ့် ဇွန်လ အစလောက်မှာ ပြန်လည် စတင်နိုင်တယ်လို့ စပိန် အခြေစိုက် သတင်းတွေက ဖော်ပြထားကြတာပဲ ဖြစ်ပါတယ်။ ရီးရဲလ်အသင်းဟာ ဘောလုံး ပြိုင်ပွဲ ရပ်နားခဲ့စဉ်က စပိန် လာလီဂါ ပြိုင်ပွဲမှာ အဆင့် (၂) နေရာ နဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ (၁၆) သင်းအဆင့်ကို ရရှိထားပြီး ရီးရဲလ် နောက်ခံလူ ရာမို့စ်ကတော့ လက်ရှိရာသီကို ဆုဖလား လက်မဲ့နဲ့ မပြီးဆုံးဘဲ ဆုဖလားနဲ့ ပြီးဆုံးသွားမယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: Goal

“Ramos UNICEF Day” မှာ ရာမို့စ်က “လူတိုင်းရဲ့ ကျန်းမာရေးက ဘေးကင်းဖို့ လိုအပ်ပါတယ်။ ကျွန်တော် ဘောလုံးပွဲ ပြန်ကစားဖို့ မျှော်လင့်နေပါတယ်။ ပြန်ပြီး ယှဉ်ပြိုင်ကစားချင်နေပါတယ်။ လာလီဂါ ပြိုင်ပွဲ နဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ပြန်ကစားချင်ပါတယ်။ ကျွန်တော် လက်ရှိရာသီကို ဆုဖလား တစ်ခုခုနဲ့ ပြီးဆုံးချင်ပါတယ်။ ဒါပေမဲ့ အရင်ဆုံး ရောဂါအကြောင်းကို အားလုံး သိတဲ့ သူတွေက ဆုံးဖြတ်ချက် ချတာကို စောင့်ရပါမယ်။ အရာအားလုံး အဆင်ပြေသွားပြီလို့ တွေးလို့ မရပါဘူး။ ဒီရောဂါက ကျွန်တော်တို့နဲ့ အတူ အခုထက်ထိ ရှိနေဆဲပါပဲ။ ကျွန်တော်တို့အနေနဲ့ ဒီဗိုင်းရပ် အဆုံးသတ်ဖို့ ဆိုရင် လမ်းညွန်ချက်တွေကို လိုက်နာရမှာ ဖြစ်ပြီး သိပ္ပံပညာရှင်တွေကို ရောဂါ ကုသဆေး ရှာတွေ့နိုင်ဖို့အတွက် အချိန် ပေးရပါမယ်”လို့ ပြောကြားသွားတာ ဖြစ်ပါတယ်။