ပြင်သစ်လီဂူး အင်အားကြီးအသင်း ဖြစ်တဲ့ ပီအက်စ်ဂျီအသင်းရဲ့ ပူပူနွေးနွေး နောက်ခံလူ ဆာဂျီယို ရာမို့စ်ကတော့ ရီးရဲလ်မက်ဒရစ်အသင်းမှာ ကစားစဉ်က သူ့ရဲ့ မဟာပြိုင်ဘက် ဖြစ်ခဲ့သူ ဘာစီလိုနာအသင်းရဲ့ အဓိက တိုက်စစ်မှူး မက်ဆီကို ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့လာဖို့ တိုက်တွန်းသွားခဲ့ပါတယ်။

အသက် ၃၅နှစ် အရွယ် ဝါရင့် စပိန်နောက်ခံလူ ရာမို့စ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့တာကြောင့် ပီအက်စ်ဂျီအသင်းထံ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး ပီအက်စ်ဂျီအသင်းနဲ့ ၂နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်ကို ချုပ်ဆိုထားသူပါ။

Photo Credit: Marca

အသက် ၃၄နှစ် အရွယ် ဘာစီလိုနာအသင်းနဲ့ အာဂျင်တီးနားအသင်းတို့ရဲ့ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီကတော့ ဇူလိုင်လ ၁ရက်နေ့ထဲက ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့တဲ့ ကစားသမား တဦး ဖြစ်ပြီး ဘာစီလိုနာအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ နှုတ်အားဖြင့် သဘောတူညီမှု ရယူထားနိုင်တဲ့ ကစားသမားပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ဘာစီလိုနာအသင်းဟာ လက်ရှိမှာ မထင်မှတ်ထားလောက်အောင် အတော်လေးကို ဆိုးရွားတဲ့ ဘဏ္ဍာရေး ကြပ်တည်းမှုနဲ့ ရင်ဆိုင်နေရပြီး မက်ဆီကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့နဲ့ အသစ် ခေါ်ယူထားတဲ့ ကစားသမားတွေကို ကစားသမားစာရင်းမှာ ထည့်သွင်းနိုင်ဖို့ အတွက် ရှိရင်းစွဲ ကစားသမားတွေထဲက အနိမ့်ဆုံး ၈ဦးခန့်ကို ရောင်းထုတ်ဖို့ လိုအပ်နေပါတယ်။

Photo Credit: Marca

ဒါကြောင့်ပဲ ဘဏ္ဍာရေး တောင့်တင်းတဲ့ ပီအက်စ်ဂျီအသင်းဟာ မက်ဆီကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စောင့်ကြည့်နေပြီး အကယ်၍ ဘာစီလိုနာအသင်းကသာ လာမယ့် ရာသီသစ် မစတင်မီ အထိ မက်ဆီကို စာချုပ်သစ် ချုပ်ဆိုနိုင်ခြင်း မရှိပါက မက်ဆီကို ခေါ်ယူဖို့ ကြိုးစားမယ့် အနေအထားမှာ ရှိပါတယ်။

တချိန်က မက်ဆီရဲ့ မဟာပြိုင်ဘက် တဦး ဖြစ်ခဲ့သူ ဆာဂျီယို ရာမို့စ်ကလည်း သူဟာ ပီအက်စ်ဂျီအသင်းမှာ မက်ဆီနဲ့အတူ တွဲကစားချင်ကြောင်းနဲ့ မက်ဆီကို ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့လာဖို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ တိုက်တွန်းသွားခဲ့ပါတယ်။ ရာမို့စ်က – “ကျွန်တော်က မက်ဆီကို ပီအက်စ်ဂျီအသင်းဆီ လာစေချင်ပါတယ်။ ကျွန်တော်က အကောင်းဆုံး ကစားသမားတွေနဲ့ တွဲဖက် ကစားချင်ပါတယ်။ မက်ဆီက အကောင်းတကာ့ အကောင်းဆုံး ကစားသမားတွေထဲက တဦးပါ” လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။