စပိန်လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့တာကြောင့် အသင်းလက်မဲ့ ကစားသမား ဖြစ်နေတဲ့ ဝါရင့် စပိန်နောက်ခံလူ ဆာဂျီယို ရာမို့စ်ဟာ ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီ အသင်းထံ ပြောင်းရွှေ့ဖို့ ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေပြီး ဆွေးနွေးမှုတွေ ပြီးပြတ်ဖို့ နီးစပ်နေကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၃၅နှစ် အရွယ် စပိန်လက်ရွေးစင် အသင်းခေါင်းဆောင် ဆာဂျီယို ရာမို့စ်ဟာ ရီးရဲလ်မက်ဒရစ် အသင်းမှာ ဆက်နေဖို့ ဆန္ဒရှိခဲ့ပေမယ့် အသင်းရဲ့ ဥက္ကဌ ပီရက်ဇ်နဲ့ သဘောထား ကွဲလွဲမှုတွေ ဖြစ်ပေါ်ပြီးနောက် ရီးရဲလ်မက်ဒရစ် အသင်းဟာ သူ့ကို ကမ်းလှမ်းထားတဲ့ စာချုပ်သစ်ကို ပြန်လည် ရုတ်သိမ်းခဲ့တာကြောင့် အသင်းကနေ ထွက်ခွာခဲ့ရသူပါ။

Photo Credit: AS English

 

လက်ရှိမှာတော့ ရာမို့စ်ကို ခေါ်ယူဖို့ အတွက် ပရီးမီးယားလိဂ် အင်အားကြီးအသင်း တချို့ ၊ စီးရီးအေ နာမည်ကြီး အသင်းတချို့က ပီအက်စ်ဂျီအသင်းနဲ့ အပြိုင် ကြိုးပမ်းနေပေမယ့် ရာမို့စ်ကတော့ သူ့အတွက် ဆုဖလား အောင်မြင်မှု ရဖို့ သေချာသလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ဖို့ အဓိက ပစ်မှတ်ထား ကြိုးပမ်းမယ့် ပီအက်စ်ဂျီအသင်းထံသာ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားပါတယ်။

ပြင်သစ် အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီအသင်းနဲ့ ရာမို့စ်ရဲ့ အေးဂျင့်တွေ ကြားထဲမှာ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ စတင် နေပြီ ဖြစ်ကာ ပီအက်စ်ဂျီအသင်းဟာ ရာမို့စ်ကို တပတ်လုပ်ခလစာ ယူရို ၂သိန်းနဲ့ ၂နှစ်စာချုပ် ကမ်းလှမ်းထားကြောင်း သိရှိရပါတယ်။

Photo Credit: AS English

နာမည်ကြီး စပိန်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Mundo Deportivo သတင်းဌာန ကတော့ ရာမို့စ်ဟာ ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့ဖို့ အလွန်အမင်း နီးစပ်နေသလို ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့ပြီးပါက နေထိုင်ဖို့ အတွက် ပဲရစ်မြို့မှာ နေအိမ်ကို စတင် ရှာဖွေနေပြီး အိမ်ခြံမြေ အကျိုးဆောင်တွေနဲ့ ချိတ်ဆက်မှုတွေ ပြုလုပ်နေကြောင်း ဖော်ပြသွားပါတယ်။

ဒါကြောင့်ပဲ မကြာခင် ရက်ပိုင်းအတွင်းမှာ ရာမို့စ်ဟာ ပီအက်စ်ဂျီအသင်းရဲ့ ကစားသမားသစ် ဖြစ်လာဖွယ် ရှိကြောင်း သုံးသပ်မှုတွေ ထွက်ပေါ်နေပါတယ်။ ဆက်စပ်သတင်းတွေအရ ပီအက်စ်ဂျီအသင်းဟာ စီးရီးအေ ချန်ပီယံ အင်တာမီလန်အသင်းရဲ့ ညာနောက်ခံလူ ဟာခီမီကို ပြောင်းရွှေ့ကြေး ယူရို ၇၀သန်းနဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေကြောင်း သိရပါတယ်။