စပိန်လာလီဂါ အင်အားကြီး အသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ အဓိက နောက်ခံလူလည်း ဖြစ် အသင်းခေါင်းဆောင်လည်း ဖြစ်တဲ့ ဆာဂျီယို ရာမို့စ်ဟာ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘက်တစ်အသင်းနဲ့ ပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုး တစ်ဂိုး သွင်းယူနိုင်ခဲ့ အပြီးမှာတော့ လာလီဂါပြိုင်ပွဲမှာ ၁၇ရာသီ ဆက်တိုက် ဂိုးသွင်းယူ နိုင်ခဲ့တဲ့ တတိယမြောက် ကစားသမား ဆိုတဲ့ စံချိန်ကို ရရှိခဲ့ကြောင်း သိရပါတယ်။ ယနေ့ မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ လာလီဂါ ပွဲစဉ် (၂) မှာတော့ ရာမို့စ်ရဲ့ ရီးရဲလ် မက်ဒရစ် အသင်းဟာ အဝေးကွင်းမှာ ဘက်တစ် အသင်းကို ၂-၃ ဆိုတဲ့ ရလဒ်နဲ့ အနိုင် ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit: AS English

အိမ်ကွင်း ခြေစွမ်းမာတဲ့ ဘက်တစ်အသင်း နဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဉ်မှာ ရီးရဲလ် မက်ဒရစ်အသင်း ဟာ ဘက်တစ် အသင်းကို အနိုင်ယူဖို့ အတော်လေး ရုန်းကန်ခဲ့ရပါတယ်။ အိမ်ကွင်းမှာ ကစားရတဲ့ ပွဲစဉ် ဖြစ်တာကြောင့် ဘက်တစ် အသင်းက ရီးရဲလ် မက်ဒရစ်အသင်းကို ရှိန်မနေပဲ ဖွင့်ကစား ခဲ့တာကြောင့် ပွဲဟာ ကြည့်ကောင်း ခဲ့ပြီး ပွဲရဲ့ ဦးဆောင်ဂိုး ကိုတော့ ရီးရဲလ်မက်ဒရစ် အသင်းက ရရှိခဲ့ကာ ပွဲချိန် ၁၄မိနစ်မှာ ဗယ်ဗာဒီက သွင်းယူ ပေးခဲ့တာပါ။ ဦးဆောင်ဂိုး ပေးလိုက်ရပြီးတဲ့ နောက်မှာတော့ ဘက်တစ် အသင်းဟာ ချေပဂိုးတွေ ပြန်လည် သွင်းယူဖို့ ကြိုးစားခဲ့ပြီး ပွဲချိန် ၃၅ မိနစ် အရောက်မှာတော့ နောက်ခံလူ မန်ဒီက ချေပဂိုး သွင်းယူ ပေးခဲ့ပါတယ်။ အဲ့ဒီနောက် ချက်ချင်း ဆိုသလိုပဲ ပွဲချိန် ၃၇ မိနစ်မှာ ဘက်တစ် အသင်းက ဦးဆောင်ဂိုး ရရှိခဲ့ပြီး အဆိုပါ သွင်းဂိုး ကိုတော့ ကွင်းလယ်လူ ကာဗယ်ဟိုက သွင်းယူ ပေးခဲ့တာပါ။

Photo Credit: AS English

ဒုတိယပိုင်း ပွဲကစားချိန်မှာတော့ ရီးရဲလ် မက်ဒရစ် အသင်းက ချေပဂိုး ရရှိဖို့ တင်ကစား လာခဲ့ပြီး ပွဲချိန် ၄၈ မိနစ်မှာတော့ ဘက်တစ် နောက်ခံလူ အီမာဆန်ရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူခဲ့မှုကြောင့် ချေပဂိုး ပြန်လည် ရရှိခဲ့ပါတယ်။ ပွဲချိန် ၆၇ မိနစ်မှာတော့ ပွဲရဲ့ အလှည့်အပြောင်း တစ်ခု ဖြစ်ခဲ့ပြီး ကိုယ့်ဂိုးကိုယ် သွင်းယူထားတဲ့ အီမာဆန်ဟာ ဥပဒေပ ဖျက်ထုတ်မှု တစ်ခုကို ပြုလုပ် ခဲ့တာကြောင့် အနီကတ် ပြသခံခဲ့ရပါတယ်။ တစ်ယော​က် လျော့သွားတဲ့ အချိန်မှာတော့ ဘက်တစ် အသင်းဟာ ခံစစ်ကို ဦးစားပေး ကစားလာခဲ့ပြီး ရီးရဲလ် မက်ဒရစ် အသင်းကတော့ ဦးဆောင်ဂိုး ရရှိဖို့ ကြိုးစား လာခဲ့ပါတယ်။ ပွဲချိန် ၈၂ မိနစ် ကို ရောက်ရှိချိန် မှာတော့ ဘက်တစ်အသင်းဟာ နောက်ခံလူ ဘာထရာကြောင့် ပင်နယ်တီ ပေးခဲ့ရပြီး အဆိုပါ ပင်နယ်တီကို ရာမို့စ်က အမှားအယွင်း မရှိ ကန်သွင်းကာ အသင်းအတွက် အနိုင်ဂိုးကို သွင်းယူ ပေးနိုင်ခဲ့ပါတယ်။

Photo Credit: AS English

 

ဘက်တစ်အသင်းနဲ့ ပွဲစဉ်မှာ အနိုင်ဂိုးကို သွင်းယူ နိုင်ခဲ့တာကြောင့် ရာမို့စ်ဟာ လာလီဂါပြိုင်ပွဲ မှာ ၁၇ရာသီ ဆက်တိုက် ဂိုးသွင်းယူနိုင်တဲ့ တတိယမြောက် ကစားသမား အဖြစ် မှတ်တမ်း ဝင်ခဲ့ပါတယ်။ ရာမို့စ်ရဲ့ အရှေ့မှာ လာလီဂါ ၁၇ ရာသီ ဆက်တိုက် ဂိုးသွင်းနိုင်ခဲ့တဲ့ ကစားသမားတွေ ကတော့ ဂိုင်ဇာနဲ့ ကားလို့စ် အလွန်ဆိုတို့ပဲ ဖြစ်ကြပါတယ်။ အဆိုပါ ကစားသမား နှစ်ဦး အနက် ဂိုင်ဇာဟာ ၁၉ရာသီ ဆက်တိုက် ဂိုးသွင်းယူ နိုင်ခဲ့တဲ့ ကစားသမား ဖြစ်ပြီး ရာမို့စ်ဟာ ဂိုင်ဇာရဲ့ စံချိန်ကို လိုက်မှီနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့် သွားရမှာပါ။