ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီရဲ့ အဓိက ဗဟိုနောက်ခံလူ ဆာဂျီယို ရာမို့စ်ကတော့ သူ့ရဲ့ အသင်းဖော် ဖြစ်သူ ပူပူနွေးနွေး ကမ္ဘာ့ဖလားဆုရှင် လီယွန်နယ် မက်ဆီဟာ ဘောလုံးလောကရဲ့ ထာဝရ အကောင်းဆုံး ကစားသမားပါလို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ချီးကျူးသွားခဲ့ပါတယ်။

စပိန်လက်ရွေးစင် ဝါရင့် ဗဟိုခံစစ်မှူး ရာမို့စ်နဲ့ အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီတို့က စပိန်နိုင်ငံရဲ့ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး အသင်းနှစ်သင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ရဲ့ အသင်းခေါင်းဆောင်တွေ အဖြစ် တာဝန်ယူခဲ့ကြသူတွေ ဖြစ်ပြီး သူတို့နှစ်ဦးဟာ ဆယ်စုနှစ် တစုကျော်ကြာ ခါးသီးပြိုင်ဘက်တွေ အဖြစ် ရင်ဆိုင် ယှဉ်ပြိုင်ခဲ့ကြသူတွေပါ။

Photo Credit: Marca

ဆာဂျီယို ရာမို့စ်ဟာ ရီးရဲလ်မက်ဒရစ်မှာ ကစားခဲ့စဉ်က လီယွန်နယ် မက်ဆီကို ပြင်းထန်တဲ့ ဖျက်ထုတ်မှုတွေ အကြိမ်ကြိမ် လုပ်ခဲ့သလို မက်ဆီကလည်း ဘာစီလိုနာ အတွက် ကစားပေးခဲ့စဉ်မှာ ဆာဂျီယို ရာမို့စ်ကို လှပတဲ့ ဖြတ်ကျော်မှုနဲ့ အကြိမ်ကြိမ် ဒုက္ခပေးခဲ့ဖူးပါတယ်။

ဒါကြောင့်ပဲ ရာမို့စ်နဲ့ မက်ဆီတို့ ပီအက်စ်ဂျီမှာ စတင် တွေ့ဆုံခဲ့စဉ်က သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးဟာ ကောင်းမွန်ပါ့မလား ဆိုတဲ့ စိုးရိမ်မှု တချို့ ရှိခဲ့ကြပေမယ့် နှစ်ဦးစလုံးက ပရော်ဖက်ရှင်နယ် ကစားသမားတွေ ပီပီ အတိတ်တွေကို ခဝါချကာ ဆက်ဆံရေးကောင်း တခုကို တည်ဆောက်နိုင်ခဲ့ပြီး နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဆိုရင် ရာမို့စ်က မက်ဆီဟာ ဘောလုံးအားကစား ကနေ မွေးထုတ်ပေးခဲ့တဲ့ ကစားသမားတွေ အနက် ထာဝရ အကောင်းဆုံး ကစားသမား ဖြစ်ကြောင်း ချီးကျူးသွားခဲ့ပါသေးတယ်။

Photo Credit: Marca

ရာမို့စ်က – “ကျွန်တော်က မက်ဆီကို ပြိုင်ဘက်အဖြစ် ရင်ဆိုင် ကစားရင်း နှစ်ပေါင်းများစွာ ဒုက္ခတွေ ခံခဲ့ရတယ်ဗျ။ (ရယ်လျက်) ဒါပေမယ့် အခုတော့ ကျွန်တော်က သူနဲ့ အတူတူ ကစားရင်း ပျော်ရွှင်နေပါပြီ။ မက်ဆီက ဘောလုံးအားကစား ကနေ မွေးထုတ်ပေးခဲ့တဲ့ ကစားသမားတွေထဲမှာ ထာဝရ အကောင်းဆုံး ကစားသမားပါ” လို့ ပြောကြားရင်း မက်ဆီကို ချီးကျူးသွားခဲ့တာပါ။