ပြင်သစ် အင်အားကြီး အသင်းဖြစ်တဲ့ ပီအက်စ်ဂျီအသင်းရဲ့ အဓိက ကစားသမား ဖြစ်သူ နေမာ ကတော့ တစ်ချိန်က သူ့ရဲ့ ပြိုင်ဘက် ဖြစ်ခဲ့ဖူးတဲ့ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ အသင်းခေါင်းဆောင် ဗဟိုနောက်ခံလူ ရာမို့စ်သာ ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့လာမယ် ဆိုပါက ပီအက်စ်ဂျီ အသင်းမှာ ဆက်နေသွားဖို့ ဆုံးဖြတ်ထားကြောင်း စပိန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ အသက် ၂၈နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ဘရာဇီးလ် တိုက်စစ်မှူး နေမာဟာ ကမ္ဘာ့ ပြောင်းရွှေ့ကြေး အမြင့်ဆုံး ကစားသမား အဖြစ် ပြောင်းရွှေ့ကြေး ယူရို ၂၂၂သန်းနဲ့ ၂၀၁၇ခုနှစ်မှာ ပီအက်စ်ဂျီ အသင်းထံ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး ပီအက်စ်ဂျီ အသင်းနဲ့ သူနဲ့ ကြားမှာ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ လာမယ့် ဘောလုံးရာသီ အကုန်မှာ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

Photo Credit: Express

ဒါ့ကြောင့် လက်ရှိမှာ ပီအက်စ်ဂျီ အသင်းဟာ နေမာကို စာချုပ်သက်တမ်း တိုးဖို့ ဆွေးနွေးမှုတွေ ပြုလုပ် နေပြီး နေမာဟာ ပီအက်စ်ဂျီ အသင်းအား ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ဗဟိုခံစစ်မှူး ရာမို့စ်ကို အရ ခေါ်ယူ ပေးဖို့ တောင်းဆိုထားကာ တစ်ဖက်မှာလည်း ရာမို့စ်ကို ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့လာဖို့ စည်းရုံးမှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။ အသက် ၃၄နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ စပိန်အသင်းတို့ရဲ့ အသင်းခေါင်းဆောင် ရာမို့စ်ဟာ လက်ရှိ ဘောလုံးရာသီ အကုန်မှာ ရီးရဲလ် မက်ဒရစ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ကစားသမား ဖြစ်ပြီး ရီးရဲလ်မက်ဒရစ် အသင်းက ရာမို့စ်ကို စာချုပ်သစ် ကမ်းလှမ်း ထားသလို ပီအက်စ်ဂျီ အသင်းကလည်း ရာမို့စ်ကို ခေါ်ယူဖို့ ကြိုးစား နေပါတယ်။

Photo Credit: Express

ဥရောပ နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ Dairo Sports ရဲ့ ဖော်ပြချက် အရတော့ နေမာဟာ ရာမို့စ် ကို ပီအက်စ်ဂျီ အသင်းထံ ပြောင်းလာဖို့ စည်းရုံးမှုတွေ ပြုလုပ်နေပြီး ရာမို့စ်သာ ပီအက်စ်ဂျီ အသင်းထံ ပြောင်းရွှေ့လာပါက သူနဲ့ အမ်ဘာပေဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း တိုးသွားမယ် လို့ ပြောဆို ထားကြောင်း သိရပါတယ်။ နေမာက ရာမို့စ်ကို “ ဆာဂျီယို တကယ်လို့ ခင်ဗျားသာ ပီအက်စ်ဂျီ အသင်းနဲ့ စာချုပ် ချုပ်ဆိုမယ် ဆိုရင် ကျွန်တော်က နောက်ရက်မှာပဲ အသင်းနဲ့ စာချုပ်သက်တမ်း တိုးမယ်။ ပြီးတော့ အမ်ဘာပေလည်း အသင်းနဲ့ စာချုပ်သက်တမ်း တိုးလိမ့်မယ်။ ခင်ဗျားသာ ပီအက်စ်ဂျီ အသင်းဆီ ရောက်လာရင် ကျွန်တော်တို့ အနည်းဆုံး ချန်ပီယံလိဂ်ဖလား နှစ်ကြိမ် ယူနိုင်လိမ့်မယ်” လို့ ပြောဆို ခဲ့ကြောင်း Dario Sports က အခိုင်အမာ ဖော်ပြ သွားခဲ့ပါတယ်။