စပိန်လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်အသင်း ရဲ့ အဓိက နောက်ခံလူလည်း ဖြစ် အသင်း ခေါင်းဆောင်လည်း ဖြစ်တဲ့ ဆာဂျီယို ရာမို့စ်ကတော့ ယနေ့မနက်မှာ ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ် အသင်းက ဆိုစီဒက်အသင်းကို အဝေးကွင်းမှာ နှစ်ဂိုး တစ်ဂိုးဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ် အတွင်းမှာ အသင်းအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူပေးနိုင်ခဲ့တာကြောင့် လာလီဂါပြိုင်ပွဲ တစ်လျှောက် ဂိုးသွင်းအများဆုံး နောက်ခံလူ အဖြစ် မှတ်တမ်းဝင်ခဲ့တယ်လို့ သိရပါတယ်။ အသက်၃၄နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဝါရင့် ခံစစ် ကစားသမား ရာမို့စ်ဟာ ဂိုးသွင်းကောင်းတဲ့ ရှားပါး နောက်တန်းတွေထဲက တစ်ဦးဖြစ်ကာ ဆိုစီဒက်အသင်းကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာလည်း အသင်းအတ​ွက် အရေးပါတဲ့ အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့သူပါ။

Photo Credit: Squawka.com

ဆိုစီဒက်အသင်းနဲ့ ပွဲစဉ်မှာ ရာမို့စ်ဟာ ပွဲချိန် မိနစ်၃၀မှာ ရရှိခဲ့တဲ့ ပင်နယ်တီပြစ်ဒဏ်ဘောကို အကောင်းမွန်ဆုံး အသုံးချကာ အသင်းအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပြီး သူ့ရဲ့ နောက်မှာတော့ ဘန်ဇီမာဟာ ပွဲချိန် မိနစ်၇၀မှာပဲ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာပါ။ ဆိုစီဒက် အသင်းအတွက် ချေပဂိုးကိုတော့ ပွဲကစားချိန် ၈၃မိနစ်မှာ ကွင်းလယ်လူ မာရီနိုက သွင်းယူပေးခဲ့တာလည်း ဖြစ်ပါတယ်။ ဆိုစီဒက်အသင်းနဲ့ ပွဲစဉ်အတွင်းမှာ အသင်းအတွက် သွင်းဂိုး တစ်ဂိုး သွင်းယူပေးခဲ့ပြီး နောက်မှာတော့ ရာမို့စ်ရဲ့ ကစားသမားဘဝ လာလီဂါပြိုင်ပွဲ သွင်းဂိုးဟာ ၆၈ဂိုးအထိ ရှိလာခဲ့ပြီလို့ သိရပါတယ်။

Photo Credit: Squawka.com

ရာမို့စ်ဟာ ဒုတိယနေရာမှာ ရှိနေတဲ့ ဘာစီလိုနာအသင်းနဲ့ နယ်သာလန် အသင်းတို့ရဲ့ ဂန္တဝင် ခံစစ်မှူးဟောင်း ရော်နယ် ကိုးမန်းရဲ့ သွင်းဂိုး ၆၇ဂိုး စံချိန်ကို ကျော်ဖြတ်ကာ လာလီဂါသမိုင်းရဲ့ ဂိုးသွင်းအများဆုံး နောက်ခံလူဆိုတဲ့ စံချိန် မှတ်တမ်း တစ်ခုကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ အသက်၃၄နှစ်အရွယ် ရာမို့စ်ဟာ ခေါင်းတိုက် သွင်းဂိုး အများအပြားကို ရယူနိုင်တဲ့ ခံစစ်မှူး တစ်ဦး ဖြစ်ပြီး စီရိုနယ်ဒို ထွက်ခွာပြီးနောက်မှာ တော့ အသင်းရဲ့ ပင်တိုင် ပင်နယ်တီ ကန်သွင်းသူ ဖြစ်လာခဲ့တာကြောင့် သူ့ရဲ့ သွင်းဂိုးတွေကို များများစားစား တွေ့မြင်လာခဲ့ရတာပါ။ လက်ရှိ မှာတော့ ရာမို့စ်ရဲ့ ကစားသမားဘဝ ပြိုင်ပွဲစုံ သွင်းဂိုးဟာ ၁၁၂ဂိုးအထိ ရှိလာခဲ့ပြီး ဒါဟာ အခြား ထိပ်တန်းခံစစ်မှူးတွေရဲ့ သွင်းဂိုးတွေ ထက် များစွာမှ သာလွန်နေတဲ့ မှတ်တမ်းတစ်ခု လည်း ဖြစ်ပါတယ်။